
ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်မှာ အာဏာရှင်စစ်တပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တို့ကြား တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် မန်နားကျေးရွာ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေကူမြို့မှာရှိတဲ့ အာဏာရှင်စစ်တပ်နဲ့ချိတ်ဆက်ဖို့ မဘိမ်းမြို့ကတက်လာတဲ့ အင်အား ၇၀၀ ဝန်းကျင်ပါ စစ်တပ်စစ်ကြောင်းတို့ မဘိမ်းမြို့ ခတ်ခုံနဲ့ မန်နားရွာကြားမှာ တိုက်ပွဲ တိုက်ပွဲဖြစ်နေပြီး မေ ၂၂ ရက်မှာ စစ်တပ်ရဲ့ ဒရုန်းဗုံးကြဲချ တိုက်ခိုက်တာကြောင့် မန်နားရွာ မီးလောင် ပျက်စီး သွားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “စစ်တပ်ဘက်က စစ်ကြောင်းဆက်ထိုးနေတာရှိတယ်။ စစ်တပ်ဘက်က ဒရုန်းတွေနဲ့တိုက်ခိုက်တာ မန်နားလေးရွာကတော့ ပြာကျနေပြီလား မသိဘူး။ အဝေးကနေ လှမ်းမြင်ရတာတော့ မီးလောင်နေတာ တွေ့ရတယ်။ ဒေသခံတွေလည်း ပြေးနေရတော့ အတိအကျ မသိရဘူး” လို့ DVB ကို ပြောပါတယ်။
စစ်တပ်ရဲ့ စစ်ကြောင်းတွေကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေလို့ ငါးအိုး-ရွှေကူလမ်း ပိတ် ထားရသလို မေ ၅ ရက်က သုံးခွရွာကိုလည်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ခတ်ခုံကျေးရွာ၊ မန်နားကျေးရွာ၊ ငို့စင်ကျေးရွာ၊ စီဖွားကျေးရွာ၊ မန်ကင် ကျေးရွာတွေက ဒေသခံတွေ စစ်ရှောင်နေကြရပြီး ရွှေကူမြို့နယ်မှာလည်း ၅ လမ်းဆုံမှာ တိုက်ပွဲ တွေ ဖြစ်နေတယ်လို့ သိရပါတယ်။










