
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၊ ကြာပိုင်ရွာ၊ တာရိုးလမ်းမှာ စက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဓားထိုးမှုနဲ့ပတ်သက်ပြီး အလိုရှိနေတဲ့ ကျောင်းဆရာမကို စက်တင်ဘာ ၁၃ ရက်နေ့က မန္တလေးမြို့နယ်၊ အလံတရာရဲစခန်းအပိုင်နယ်မြေအတွင်းမှာ ဖမ်းဆီးရမိခဲ့ပြီး တရားခံလွှဲပြောင်းရယူခဲ့ပြီလို့ ရဲက ပြောပါတယ်။
“ရဲတပ်ဖွဲ့အချင်းချင်း ချိတ်ဆက်ပြီးတော့ ဖမ်းဆီးနိုင်ခဲ့တာပါ။ ဖြစ်တဲ့နေ့နဲ့ဆို ဒါ ၃ ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့တာပေါ့။ ကနဦးအနေနဲ့ ပြောရရင်ကတော့ လူမှုရေးပြဿနာလေးတွေပါ။ အသေးစိတ်တော့ စစ်ဆေးမေးမြန်းရဦးမှာပါ” လို့ အမှုစစ် ရဲအုပ် ကျော်ဝင်းလှိုင်က ပြောပါတယ်။
လွန်ခဲ့တဲ့ ၄ ရက်လောက်က မုံရွာမြို့နယ် ညောင်ပင်စောက်ရပ်ကွက်မှာနေတဲ့ ဒေါ်ဇင်မာဝင်းက သမီးဖြစ်သူ မပပပြည့်စုံနဲ့အတူ ခင်ပွန်းဖြစ်တဲ့ ဇော်ဦး (ခ) ဟန်ဝင်းအောင်က ကျောင်းဆရာမဆိုသူ ဒေါ်အေးချမ်းမိုးအောင်ရဲ့ကားနဲ့အတူ ပါသွားလို့ လိုက်ခေါ်ရာက စကားများပြီး ကျောင်းဆရာမဆိုသူက ကားပေါ်မှာ ပါလာတဲ့ စတီးလ်ဓားနဲ့ ထိုးခဲ့တာလို့ သိရပါတယ်။
ဓားနဲ့ထိုးသွင်းခဲ့လို့ ဒေါ်ဇင်မာဝင်းမှာ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မပပပြည့်စုံမှာ ဝမ်းဗိုက်အောက် ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ အသီးသီးရရှိခဲ့ပြီး စိုးရိမ်ဒဏ်ရာတွေနဲ့ မုံရွာပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
“ကျောင်းဆရာမကတော့ စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ M.Ed တက်နေတယ်လို့ သိရတယ်။ ဒဏ်ရာရခဲ့သူတွေထဲမှာ အမေဖြစ်သူကတော့ ပြန်ကောင်းလာပါပြီ။ စကားပြောနိုင်ပါပြီ။ သမီးဖြစ်သူကတော့ စောင့်ကြည့်ရတုန်းပေါ့။ ကျန်တာတော့ ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်နေပါတယ်” လို့ အမှုစစ် ရဲအုပ် ကျော်ဝင်းလှိုင်က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဓားနဲ့ထိုးခဲ့တဲ့ ကျောင်းဆရာမဆိုသူ မအေးချမ်းမိုးအောင်ကိုတော့ မုံရွာမြို့မရဲစခန်းမှာ (ပ) ၁၄၈၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်းနှင့်ဓာတ်ပုံ - အောင်ကိုလတ်











