DVB Logo
Home
မြန်မာသတင်း
သတ္တုသန့်​စင်​စက်​ရုံအနံ့ဆိုးကြောင့် တောင်ကြီးဒေသခံများ၏ စိုက်​ခင်းနှင့်ကျန်းမာ​ရေး ဆိုးရွားစွာထိခိုက်
DVB
·
September 14, 2018
သတ္တုသန့်​စင်​စက်​ရုံအနံ့ဆိုးကြောင့် တောင်ကြီးဒေသခံများ၏ စိုက်​ခင်းနှင့်ကျန်းမာ​ရေး ဆိုးရွားစွာထိခိုက်
1 / 5
Donate to DVB

ရှမ်းပြည်​နယ်​​တောင်​ပိုင်း ​တောင်​ကြီးမြို့နယ်​ ဘုရားငါးဆူ​ကျေးရွာအနီးရှိ ခ​နောက်​စိမ်းသတ္တုသန့်​စင်​စက်​ရုံက ထွက်​ရှိတဲ့ အနံ့ဆိုး၊ အ​ငွေ့၊ မီးခိုး​တွေ​ကြောင့် အနီးရှိ ​ကျေးရွာ​ ၆ ရွာက စိုက်​ခင်းတွေ ပျက်​စီးပြီး ကျန်းမာ​ရေး ထိခိုက်​တာတွေ ခံစား​နေရပါတယ်​။

အဲဒီခ​နောက်​စိမ်းသန့်​စင်​စက်​ရုံဟာ စနစ်​တကျ ပြုလုပ်​ခြင်းမရှိတဲ့အတွက်​ ဆိုးကျိုးခံစား​နေရတာကို ​ဒေသခံ​တွေက အစိုးရထံ တိုင်​ကြားပြီး ကွင်းဆင်းစစ်​​ဆေးတားမြစ်​ထား​ပေမယ့် ခိုးပြီးပြန်​လည်​​နေတယ်​လို့ ပုန်းစိမ်းကျေးရွာနေ ကိုသန်းစိုးက ပြောပါတယ်။

“ကျနော်တို့ စာတင်​​တော့ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်​​နေ့ ခရိုင်​အစိုးရရုံးမှာ​ ခေါ်​ပြောတယ်​။ စက်​ရုံမန်​​နေဂျာ​တွေလည်းပါတယ်​။ လူကြီးတွေ ကွင်းဆင်​စစ်​​ဆေးချိန်​မှာ အန္တရာယ်​ရှိမှန်း သူတို့သိတယ်၊​ ပြင်​ကိုပြင်​ရမယ်​ ပြင်​​နေတဲ့ကာလမှာ လုံးဝမလည်​ရဘူး၊ စက်ရုံမန်​​နေဂျာ လည်း ကတိ​ပေးတယ်​။ ဒါ​ပေမယ်​ ​လေးငါရက်​ပဲ နားပြီးပြန်​လည်​တယ်​၊ စက်​ရုံက အနံ့ဆိုး​တွေ မီးခိုး​တွေပြန်​ရ​နေတယ်​။”


စက်​ရုံကထွက်​တဲ့ မီးခိုး၊ အနံ့ဆိုးနဲ့ အ​ငွေ့​တွေ​ကြောင့် ပတ်​ဝန်းကျင်​က စိုက်​ထားတဲ့ ကန်​စွန်းဥ၊ ပဲစဉ်းငုံ၊ ​ပြောင်း စတဲ့ သီးနံ​တွေ ပျက်​ဆီးဆုံးရှုံး​နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စိုက်ခင်းပျက်စီးသွားတဲ့ တောင်သူ ခွန်ကျော်စွာက “စက်​ရုံက မီးခိုး​ငွေ့​တွေ​ကြောင့် ကျနော့် ကန်​စွန်းဥအပင်​​တွေ ပျက်​စီးသွားပြီး အပင်​ညှိုးကုန်​တယ်​ မဥ​တော့ဘူး။ ဒီမီးခိုး​ငွေ့​တွေက ဘယ်​အပင်​မှမခံနိုင်​ဘူး။ ​ပြောင်းပင်​ဆို အဖူးမထွက်​​တော့ဘူး၊ ​ပေါက်​ပင်​ကြီး​တောင် ​ညှိုးကုန်​တယ်​။ ကျနော့် ခြံဆို တန်​ဖိုး သိန်း​လေးငါးဆယ်​ရှိတယ်။ လူငှါးတာ တရက်​ရှစ်​​ထောင်​​ပေးရတယ်။”

ဒီလို ဆိုးကျိုး​တွေ ခံစား​နေရတဲ့အတွက်​ စက်​ရုံ ပိတ်​သိမ်း​ပေးဖို့  ​ဒေသခံ​တွေက လိုလားနေကြပါတယ်​။

တောင်​ကြီးမြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူး ဦးမင်းစိုးက​ “သဘာဝပတ်​ဝန်းကျင်​ ထိန်းသိမ်း​ရေးအဖွဲ့၊ သတ္ထုဌာနနဲ့ အုပ်​ချုပ်​​ရေး​တွေ ​ခေါ်ပြီး အကြံပြုချက်​ ၁၀ ချက်​​ကျော်​ ​ဆောင်​ရွက်​ဖို့ ချ​ပေးလိုက်တယ်​။ စက်​ရုံမှူး​တွေ​ခေါ်​ပြောပြီးပြီ စက်​ရုံ ပြင်​ရမယ့်ဟာ​တွေကို၊ ပြင်​ဆင်​ကာလမှာ စက်​ရုံမလည်​ရဘူးလို့​ပြောထားတယ်​၊ ပြန်​လည်​​နေရင်​ ပြန်​စစ်​ရလိမ့်​မယ်​။ စီးပွား​ရေးအတွက်​ ပြည်​သူ​တွေ ထိခိုက်​ရင်​ လုပ်​လို့မရဘူး” လို့ ပြောပါတယ်​။

အဲဒီစက်​ရုံ ပြန်​လည်​တာနဲ့ပတ်​သက်​ပြီး စက်​ရုံက တာဝန်​ရှိသူကို သွား​ရောက်​​မေးမြန်းရာ စက်​ရုံ မန်​​နေဂျင်းဒါရိုက်​တာ ခရီးလွန်​​နေလို့ ဆိုပြီး ပြန်​လည်​​ဖြေကြား​ပေးခြင်းမရှိပါ။

အဲဒီစက်ရုံက အနံ့ဆိုးကို ရှူမိပါက အာ​ခေါင်​​ခြောက်တာ၊ မူး​ဝေတာ၊ အသက်​ရှူမဝတာ၊ ​အော့အံတာ စတဲ့​ရောဂါ​တွေ ခံစား​နေရတယ်​လို့ ​​ဒေသခံ​တွေက​ ပြောပါတယ်​။

နောင်​လံ ​ကျေးရွာ ရွာသူကြီး ဦးမောင်လေးက “ရွာသူရွာသား​တွေက ပိတ်​ချင်​တာ​ပေါ့။ ရပ်​ဆိုင်းချင်​တာ​ပေါ့။ ရွာသူရွာသား​တွေခံရပြီ​လေ အသက်​ကြီးသူ​တွေ​ ခေါင်းတအားမူးကြတယ်​။ အဲ​ဘေးမှာလည်း လုပ်​စားတာ ပြဿနာတက်​တက်​ပြီး​တော့ စိတ်​ညစ်​ကုန်​ကြပြီ” လို့ ပြောပါတယ်။
စက်​ရုံကြောင့် ​တောင်​ကြီးမြို့နယ်​ နဲ့ ဟိုပုံးမြို့နယ်​ရှိ ​နောင်​လံ၊ ဟံး​ခြောက်​၊ ဘုရားငါးဆူ၊ ပုန်းစိမ်း၊ ​ညောင်​ဖြူရွာနဲ့ လွယ်​​နောင်​​ကျေးရွာ​ခြောက်​ခုက ကျန်းမာ​ရေး နဲ့စိုက်​ခင်းပျက်​ဆီးမှုကို ဆိုးရွားစွာခံစား​နေရတာပါ။

အဲဒီစက်​ရုံက ​ငွေကမ္ဘာ​ကျော်​ သတ္ထုကုမ္ပဏီက ၂၀၁၂-၂၀၁၃ က စတင်​လုပ်​​ဆောင်​ပြီး ၂၀၁၄ ​မှစတင်​လည်​ပတ်​​ကြောင်း သိရပါတယ်​။

သတင်းနှင့်ဓာတ်ပုံ - ခွန်ရာဇာ

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013