DVB Logo
Home
မြန်မာသတင်း
သီပေါအခြေစိုက် ခမရ ၁၇ တပ်ကို အမည်မသိလက်နက်ကိုင်တပ် ၀င်ရောက်ပစ်ခတ်
DVB
·
September 13, 2018
သီပေါအခြေစိုက် ခမရ ၁၇ တပ်ကို အမည်မသိလက်နက်ကိုင်တပ် ၀င်ရောက်ပစ်ခတ်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မန်လီကျေးရွာအုပ်စုရှိ ခမရ ၁၇ တပ်ကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဒီကနေ့ မနက်မှာ ၀င်ရောက်ပစ်ခတ်သွားတဲ့အတွက်  တပ်ကြပ် ၁ ဦး သေဆုံးပြီး ရဲဘော် ၁ ဦး ဒဏ်ရာရသွားပါတယ်။

အမည်မသိလက်နက်ကိုင်အဖွဲ့ဟာ တပ်အနီးရှိ ပြောင်းဖူးခင်းတွေထဲကနေ ဒီကနေ့ မနက် ၅ နာရီလောက်က လှမ်းပစ်ခဲ့တာလို့ ၀မ်လီကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းနောင့်က ဒီဗွီဘီကို ပြောပါတယ်။

“အမည်မသိလက်နက်ကိုင်အဖွဲ့က ပြောင်းဖူးခင်းထဲကနေပြီး စစ်တပ်ဝင်ပေါက်ဂိတ်ကို လှမ်းပစ်တယ်။ ကားလမ်းမကြီးကနေ သူတို့စစ်တပ်ဂိတ်ကိုသွားတဲ့လမ်းက ၂ ဖာလုံလောက်ရှိ မယ်။ တပ်မတော်သားတွေက စစ်တပ်ထဲကထွက်လာပြီး ဂိတ်ကိုလာစောင့်မလို့ လုပ်တုန်း တံခါးဖွင့်လိုက်တာနဲ့ ပစ်လိုက်တာ။ အဲဒီမှာ ၂ ယောက် ဒဏ်ရာရတာ တပ်ကြပ်အဆင့် ၁ ယောက်က ပွဲချင်းပြီးသေဆုံးပြီး နောက်ထပ် ရဲဘော်တယောက်က ဒဏ်ရာရသွားလို့ နမ့်လန် ဆေးရုံကို ပို့ထားပါတယ်။”  

တပ်မတော်သားတွေ ထိသွားတဲ့နောက် နောက်ထပ်တပ်ဖွဲ့ဝင်တွေက သေနတ်ကျည် ထွက်လာရာ ပြောင်းခင်းထဲကိုရော၊ နားမုန်ကျေးရွာအနီးတ၀ိုက်ကိုပါ မှန်းဆပစ်ခတ်ရာမှာ ရွာသားတွေ အထိတ်တလန့်ဖြစ်ကုန်တယ်လို့ဆိုပါတယ်။

တပ်မတော်က မနက် ၆ နာရီလောက်အထိ ပြန်လည်ပစ်ခတ်ပြီး တပ်အနီးက ဆွတ်ခူးခါနီး  ပြောင်းဖူးခင်း ၈ ဧကကျော်ကို အကုန်လုံး ထွန်စက်တွေနဲ့ ထွန်ပစ်လိုက်တယ်လို့ ရွာသူကြီးကပြောပါတယ်။

“တပ်ထဲတာဝန်ရှိသူတွေက ပြောင်းပိုင်ရှင်ရွာသားတွေကိုခေါ်ပြီး ပြောင်းဖူးခင်းတွေ ဖျက်ဆီးပါရစေလို့ ခွင့်တောင်းတယ်။ လူ့ရဲ့အသက်က ပြောင်းခင်းထက်ပိုအရေးကြီးတယ်လို့ ပြောတယ်။ ပြီးတော့ ဆုံးရှုံးသွားတဲ့ ပြောင်းခင်းတွေအတွက် လျော်ကြေးပေးမယ်ပေါ့။ ပြီးတော့ ရွာသားတွေကို သဘောတူကြောင်း လက်မှတ်ထိုးခိုင်းတယ်။”

ရွာသားတွေကတော့ သူတို့တမိုးလုံးပြုစုလာတဲ့ ပြောင်းပင်တွေ နောက်လ၀က် လောက်ဆို ခူးရတော့မှာမို့ အလွန်နှမျောနေပေမယ့် မတတ်သာလို့ လက်မှတ်ထိုးပေး လိုက်ရတယ်လို့ဆိုပါတယ်။

ရွာသားတချို့ကတော့ ပျက်စီးသွားတဲ့အပင်တွေက ချိုးလို့ရတဲ့ပြောင်းတွေ ရသလောက် ပြန်ချိုးနေကြတယ်လို့ မန်လီ သူကြီးက ပြောသွားပါတယ်။

ဒီကနေ့ အပစ်ခံရတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့ကလည်း အဆိုပါ တပ်ရင်းက တပ်ကြပ်တယောက်နဲ့ မိသားစုဝင် ၂ ဦး အပစ်ခံရပြီး စုစုပေါင်း ၃ ဦး သေဆုံးသွားခဲ့ပါတယ်။

ဒီပစ်ခတ်မှုကို နမ့်လန်ရဲစခန်းမှာ အမှုဖွင့်ထားပေမယ့် တရားခံကို ခုထိရှာမတွေ့သေး ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013