DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း ဥပဒေချုပ်အပါအ၀င် ၆ ဦးကို အဂတိလိုက်စားမှုဖြင့်အရေးယူ  
DVB
·
September 13, 2018
ရန်ကုန်တိုင်း ဥပဒေချုပ်အပါအ၀င် ၆ ဦးကို အဂတိလိုက်စားမှုဖြင့်အရေးယူ  
Donate to DVB

ဟာသသရုပ်ဆောင် အောင်ရဲထွေးအမှုမှာ လာဘ်ငွေယူခဲ့ကြတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးအပါအ၀င် ဥပဒေအရာရှိတွေ၊ တရားသူကြီးနဲ့ ရဲစခန်းမှူးတို့ ၆ ဦးကို  အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်လှစ်အရေးယူ လိုက်ပါတယ်။

အောင်ရဲထွေးအသတ်ခံရမှုမှာ တရားခံ သန်းထွဋ်အောင်(ခ)သားကြီးပါ ၃ ဦးအပေါ် သြဂုတ် ၂၅ရက်မှာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက အမှုရုပ်သိမ်းခဲ့တဲ့အပေါ် ကော်မရှင်က စစ်ဆေးခဲ့ပြီး လာဘ်ငွေနဲ့ တံစိုးလက်ဆောင်ယူခဲ့တာ စစ်ဆေးပေါ်ပေါက်လို့ အမှုဖွင့်အရေး ယူတာလို့ ကော်မရှင်က  သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၃ရက်ရက်စွဲနဲ့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ အမှုရုပ်သိမ်းခဲ့တဲ့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်ခဲ့တယ်၊ ကျော်စောသတင်းနဲ့ စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံး၊ ရာဇဝတ်ကြီးမှု အမှတ် ၃၄/၂၀၁၈ ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုတဲ့ကိစ္စမှာ တရားလိုပြသက်သေတွေကို  တမင်ပေါ့လျော့စွာ စစ်ဆေးခဲ့တာ ပေါ်ပေါက်တယ်လို့ ဆိုပါတယ်။

တရားခံတွေ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြသက်သေတွေက ထွက်ဆိုနိုင်ခြင်း မရှိဆိုတဲ့ အခြေအနေဖြစ်ပေါ် အောင်ဖန်တီးပြီး တရားခံတွေရဲ့ မိဘတွေဆီက လာဘ်ငွေနဲ့ တံစိုးလက်ဆောင်တွေ ရယူခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင်  ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေရုံးက ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်ရဲ့ တင်ပြချက်ကို ဆက်လက်စိစစ်ရာမှာ သေသေချာချာ မစိစစ်ဘဲ တရားခံသန်းထွဋ်အောင်ရဲ့ ဖခင် ဦးခင်မောင်လေးဆီက  လာဘ်ငွေနဲ့ တံစိုး လက်ဆောင်များရယူပြီး ထောက်ခံတင်ပြခဲ့သူ ရန်ကုန် အရှေ့ပိုင်းခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော် တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ ကော်မရှင်က အမှုဖွင့်အရေးယူလိုက်ပါတယ်။

အလားတူ ဒေါ်သစ်သစ်ခင်ကစပြီး အဆင့်ဆင့် စိစစ်တင်ပြလာတဲ့ အမှုရုပ်သိမ်းခွင့်ကို သုံးသပ်ဆုံးဖြတ်အမိန့် ချမှတ်ရာမှာ ပြည့်ပြည့်စုံစုံ မသုံးသပ်ဘဲ တရားခံ သန်းထွဋ်အောင်ရဲ့ဖခင် ဦးခင်မောင်လေးဆီက  လာဘ်ငွေနဲ့ တံစိုးလက်ဆောင်များရယူပြီး အမှုရုပ်သိမ်းခွင့် ချမှတ်ခဲ့တဲ့ ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူးအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ ကော်မရှင်က အမှုဖွင့် အရေးယူပါတယ်။

တခါ ဒေါ်သစ်သစ်ခင် တင်ပြလာတဲ့ အမှုရုပ်သိမ်းခွင့်ကို သုံးသပ်ဆုံးဖြတ်ရာမှာ တရားခံသန်းထွဋ်အောင်ရဲ့ ဖခင် ဦးခင်မောင်လေးဆီက လာဘ်ငွေရယူပြီး အမှုကိုပြည့်ပြည့်စုံစုံ မသုံးသပ်ဘဲ အမှုရုပ်သိမ်းခွင့်ပြုပြီး တရားခံတွေကို တရားရှင်လွှတ်ခဲ့တဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ဒုခရိုင်တရားသူကြီး ဦးအောင်ကြည် ကိုလည်း ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆အရ ကော်မရှင်က အမှုဖွင့် အရေးယူပါတယ်။

အမှုစစ်အဖြစ်ဆောင်ရွက်ရာမှာ ရဲလုပ်ငန်းကုန်စင်အောင် မလုပ်ခဲ့တဲ့အပြင်  ရာထူး တာဝန်ကို အလွဲသုံးစားပြုပြီး တရားခံသန်းထွဋ်အောင်ရဲ့ ဖခင်ဆီက လာဘ်ငွေနဲ့ တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့တဲ့ သုဝဏ္ဏနယ်မြေစခန်းမှူးဟောင်း ရဲအုပ်ချစ်ကိုကို ကိုလည်း ကော်မရှင်က ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ အမှုဖွင့် အရေးယူပါတယ်။

စက်တင်ဘာ ၁၃ရက်မှာပဲ ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူး အပါအ၀င် ဥပဒေအရာရှိတွေ၊ တရားသူကြီးနဲ့ ရဲစခန်းမှူးတို့ ၆ ဦးတို့ကို သုဝဏ္ဏနယ်မြေရဲစခန်းမှာ ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆိုအရေးယူမယ်လို့ ကော်မရှင်ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

သရုပ်ဆောင် အောင်ရဲထွေးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်ညက နှစ်သစ်ကူးပါတီပွဲ တခုမှာ ဝိုင်းဝန်းထိုးကြိတ်ခံခဲ့ရပြီး ဇန်နဝါရီ ၂ ရက်နေ့က ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတာပါ။

သရုပ်ဆောင် အောင်ရဲထွေးအမှုမှာ လူသတ်မှုနဲ့ တရားစွဲခံထားရတဲ့ သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ)အောင်လေးကျော်ဇောဟန် (ခ) ကျော်ဇောတို့ကို အရှေ့ပိုင်းခရိုင်တရားရုံးက အမှုရုပ်သိမ်းခွင့်ပြုပြီး ဇူလိုင် ၂၅ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။

သရုပ်ဆောင် အောင်ရဲထွေးအမှုကို ရုပ်သိမ်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျ စိစစ်ကာ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့  နိုင်ငံတော်သမ္မတက ပြည်ထောင်စု တရားသူကြီးချုပ်၊ ရှေ့နေချုပ်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့ကို ဇူလိုင်လ ၃၁ ရက်နေ့ကတွေ့ဆုံ ညွန်ကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013