DVB Logo
Home
မြန်မာသတင်း
ပညာရေးကောလိပ်များတွင် ဆန္ဒပြမှု အရေးယူရန်မရှိဟု ကတိပေး
DVB
·
September 13, 2018
ပညာရေးကောလိပ်များတွင် ဆန္ဒပြမှု အရေးယူရန်မရှိဟု ကတိပေး
Donate to DVB

ပညာရေးကောလိပ်တွေမှာ ဆန္ဒပြနေတာတွေနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီး ဌာနအနေနဲ့ အရေးယူဖို့ မရှိဘူးလို့  အဆင့်မြင့်ပညာဦးစီးဌာန အဆင့်မြင့်အရာရှိတဦးက ကျောင်းသားတွေကို ကတိပေး ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပညာရေးကောလိပ် ၂၄ ခုနဲ့  ပညာရေးတက္ကသိုလ် ၂ ခုရှိတဲ့ အထဲက ကောလိပ် ၁၄ ခုစုပေါင်းပြီး ထွက်ပေါ်လာတဲ့ ကိုယ်စားပြုကော်မတီက ကျောင်းသားထု အခွင့်အရေးတွေအပါအဝင် အလုပ်အကိုင်ခန့်ထားရေးတွေပါဝင်တဲ့ အချက် ၄ ချက်ကို ဖြေရှင်းနိုင်ရေး ပညာရေးဝန်ကြီးဌာနအနေနဲ့ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းပေးဖို့ တောင်းဆို ထားတာပါ။

အချိန်တပတ်ကြာတဲ့အထိ တစုံတရာ ထူးခြားမလာတဲ့အတွက် စက်တင်ဘာ ၁၁ ရက်နေ့မှာတော့ မုံရွာ၊ တောင်ငူတို့က ပညာရေးကောလိပ်ရှိ ကျောင်းသားကျောင်းသူတွေက ကျောင်းတွင်းမှာ လှည့်လည် ဆန္ဒပြခဲ့ကြတာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ မုံရွာပညာရေးကောလိပ်ကို အဆင့်မြင့်ပညာဦးစီးဌာနက ဒုညွှန်ကြားရေးမှုးချုပ် ဒေါက်တာ အောင်အောင်မင်း လာရောက်ကာ ကျောင်းသားတွေ၊ ကျောင်းသားခေါင်းဆောင်တွေနဲ့ သီးသန့်တွေ့ဆုံပြီး ရှင်းလင်းဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါ တယ်။

ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေနဲ့ပတ်သက်ပြီး ပညာရေးဌာနက အရေးယူဖို့ မရှိဘူးလို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဒုညွှန်ကြားရေးမှုးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောပါတယ်။

“အရေးယူဖို့ မရှိဘူးခင်ဗျ။ ရှင်းပြဖို့ပဲ။ နားလည်သဘောပေါက်အောင် ရှင်းပြဖို့ပဲ။ ကျောင်းအုပ်ကြီးတွေကိုလည်း အကုန်မှာထားပါတယ်။ ကျောင်းအုပ်ကြီးတွေ၊ ဆရာ၊ ဆရာမတွေ အနေနဲ့ သူတို့တောင်းဆိုတာတွေကို နားလည်သဘောပေါက်အောင် ရှင်းပြဖို့ပေါ့။ ဆန္ဒပြ တာတော့ မပြနဲ့လို့ မတားပါဘူး။ ငြိမ်းစုစီဥပဒေရှိပါတယ်။ ငြိမ်းစုစီဥပဒေကို လိုက်နာစေချင် ပါတယ်။ သူတို့က ကျောင်းသားသမဂ္ဂအလံနဲ့ ဆန္ဒပြပွဲကို လုပ်တယ်ဆိုရင် ငြိမ်းစုစီမတင်ရဘူးလို့ သူတို့အဖွဲ့တွေက ညွှန်ကြားထားတယ်ဆိုလား။ ကျနော်က ဥပဒေအတိုင်းဖြစ်စေချင်တာ။ ဘာလို့လဲဆိုတော့ သူတို့က တနေ့ ကျောင်းဆရာလုပ်မယ့်သူတွေ။ ကျောင်းဆရာက စပြီး စည်းကမ်းဖောက်ဖျက်လို့ မရဘူး။ ကျောင်းဆရာက စည်းကမ်းကောင်းရမှာ။”

ကျောင်းသားတွေတောင်းဆိုနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနကလည်း လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။ ပညာဆက်လက်သင်ယူခွင့်နဲ့ ပတ်သက်ပြီး တော့လည်း ကြိုးစားရင် ကြိုးစားသလို ပညာရေးတက္ကသိုလ်ကို ဆက်လက်တက်ခွင့် ရနိုင်တယ်လို့ ဆိုပါတယ်။

ပညာရေးတက္ကသိုလ် တက်ခွင့်မရသူတွေအတွက် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှာ တက်ရောက်နိုင်ဖို့၊ အတွေ့အကြုံရဖို့ ၂ နှစ်တာပြီးဆုံးတာနဲ့ ရပ်ဝေးကို မပို့ဘဲ တက္ကသိုလ်နဲ့ မိုင် ၅၀ ပတ်လည်နေရာတွေမှာသာ တာဝန်ချထားပေးဖို့ ပြောဆိုထားတယ်လို့လည်းပြောပါတယ်။

ဒါ့အပြင် ပညာရေးကောလိပ်မှာ ဘာသာရပ်ရွေးချယ်ခွင့်နဲ့ပတ်သက်လို့ သက်ဆိုင်ရာ ဒေသအလိုက် သိပ္ပံ၊ ဝိဇ္ဇာ၊ ဝိပ္ပံ မျှအောင် ယူခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ကောလိပ် ၂ နှစ်တာအတွင်း ပထမနှစ်မှာ မူလတန်းပညာ၊ ဒုတိယနှစ်မှာ အလယ်တန်း ပညာတွေကို သင်ကြားပေးနေတာဖြစ်ပြီး ကျောင်းဆင်းတာနဲ့ အလယ်တန်းပြတန်း ခန့်ဖို့ အတွက်ကတော့ အခြေခံပညာဦးစီးဌာန၊ နိုင်ငံဝန်ထမ်းဥပဒေ၊ စီမံ/ဘဏ္ဍာဝန်ကြီးဌာနတို့ အပေါ်မှာ သက်ဆိုင်တယ်လို့ဆိုပါတယ်။

တာဝန်ထမ်းဆောင်နေစဉ် ဆက်လက်ပညာသင်ကြားခွင့်နဲ့ပတ်သက်ပြီး အဝေးသင်ကို တတိယနှစ်က တက်ဖို့ဆိုတာကတော့ သက်ဆိုင်ရာ ဘာသာရပ်ပါမောက္ခတွေနဲ့ စုဖွဲ့ထားတဲ့ Board Of Studyနဲ့  National Qualification Framework တွေနဲ့ တန်းညှိကျော်ဖြတ်ရမယ်လို့ ဆိုပါတယ်။

ကျောင်းသားတွေကတော့ လာမယ့် စက်တင်ဘာ ၁၅ ရက် မှာသက်ဆိုင်ရာနဲ့ တွေ့ခွင့်ပေးဖို့တောင်းဆိုခဲ့ပေမယ့် ဝန်ကြီးဌာနဘက်ကတော့ တွေ့ဆုံဖို့ အဆင်မပြေနိုင်ဘူးလို့ ဆိုပါတယ်။

ပညာရေးကောလိပ်တွေမှာ အခုလို ဆန္ဒပြတောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)ကလည်း ဒီမိုကရေစီ ပညာရေး တန်ဖိုးတွေနဲ့အညီ ဆောင်ရွက်ပေးဖို့ သဘောထားကြေညာချက် ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၁ ရက်က မုံရွာ၊ တောင်ငူ ကောလိပ်တွေကနေ စတင်ခဲ့တဲ့ ကျောင်းတွင်းဆန္ဒပြပွဲက အခြားကောလိပ်ကျောင်းတွေကို ပြန့်နှံ့သွားပြီး ဆန္ဒပြတောင်းဆို တာတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013