DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် မြန်မာလူငယ် ၃ ဦး ဖောက်ထွင်းမှုဖြင့် ဖမ်းဆီးခံရ
DVB
·
August 9, 2012
ထိုင်းနိုင်ငံတွင် မြန်မာလူငယ် ၃ ဦး  ဖောက်ထွင်းမှုဖြင့် ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာဆယ်ကျော်သက် ၃ ဦးကို ဖောက်ထွင်းခိုးယူမှုတွေနဲ့ ဖမ်းဆီးထားတယ်လို့ မဲဆောက်မြို့ ရဲအရာရှိက ဒီဗွီဘီကို ပြောပါတယ်။

မဲဆောက်မြို့ ပြည်သူတွေက ပစ္စည်းအခိုးခံရမှု၊  နေအိမ် ဖောက်ထွင်းခံရမှုတွေ ရဲစခန်းမှာ နေ့စဉ်လိုလို လာတိုင်နေတဲ့ အတွက် မသင်္ကာဖွယ် လူငယ် ၃ ဦးကို နောက်ယောင်ခံလိုက်ကြည့်ခဲ့ပြီး မနေ့ညနေ ၅ နာရီလောက်မှာ ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ မဲဆောက်မြို့မရဲစခန်းက တာဝန်ကျ စခန်းမှူး ဒု-ဗိုလ်မှူးကြီး ရ၀လိတ် ချူမ့်ရင်က ပြောပါတယ်။

“မဲဆောက်မြို့ ဆုမ်ဒစ်ပန်းခြံအနောက်က တိုက်ခန်းမှာ ငှားနေတဲ့ အသက် ၁၆-၁၇ နှစ် အရွယ် မြန်မာလူငယ် ၃ ဦးဟာ အလုပ်အကိုင် မယ်မယ်ရရမရှိဘဲ ၀တ်ကောင်းစားလှနဲ့ မြို့ထဲမှာ သုံးဖြုန်း လည်ပတ်နေတာတွေ့လို့ မသင်္ကာ ဖြစ်ခဲ့ပါတယ်။ သူတို့ကို လွန်ခဲ့တဲ့ လပိုင်းကတည်းက စောင့်ကြည့်ခဲ့တာဖြစ်ပြီး မနေ့က သွားစစ်တာမှာ ဗွီဒီယိုကင်မရာ၊ ပန်ကာ၊ လက်ဝတ်လက်စား၊ ကွန်ပြူတာ၊ တီဗွီ စတဲ့ ခိုးရာပါ ပစ္စည်းတွေရော၊ ငွေသား ဘတ် ၁ သောင်း ၂ ထောင်ပါ ဖမ်းဆီးရမိခဲ့တယ်” လို့ စခန်းမှူးက ပြောပါတယ်။

လူငယ် ၃ ဦးကို ဆက်ပြီး စစ်ဆေးမေးမြန်းရာမှာ ဖောက်ထွင်းမှု ကျူးလွန်ကြောင်း၊ အကြိမ် ၂၀ ထက်မနည်း ကျူးလွန်ခဲ့ကြောင်း၊ ပစ္စည်းတွေကို မြ၀တီဘက်မှာ ထုခွဲရောင်းချကြောင်း ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။

သူတို့တတွေကို မြန်မာပြည်ဘက်ခြမ်း ပြန်ပို့ဖို့အတွက် လောလောဆယ် မြ၀တီရဲစခန်းနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး ခိုးရာပါပစ္စည်း လက်ခံဝယ်ယူသူကိုပါ ဖမ်းဆီးအရေးယူပေးဖို့ တောင်းဆိုထားကြောင်း စခန်းမှူးက ပြောပါတယ်။

ဖမ်းဆီးရမိပစ္စည်းတွေကို သက်ဆိုင်ရာ ပိုင်ရှင်ဖြစ်သူတွေက ဒီနေ့ မနက်မှာ ပြန်ယူသွားကြတယ်လို့ ဆိုပါတယ်။ ကျူးလွန်သူတွေဟာ အသက် ၁၈ နှစ်အောက် ကလေးတွေဖြစ်တဲ့အတွက် အမည်ရင်းကို ဖော်ပြခွင့်မရှိဘူးလို့ မဲဆောက်ရဲစခန်းက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းဖို့ မြ၀တီမြို့ ရဲစခန်းကို ဆက်သွယ်ပေမယ့် မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013