DVB Logo
Home
မြန်မာသတင်း
သုံးပွင့်ဆိုင်ဆွေးနွေး၍ နိုင်ငံရေးသဘောတူချက် အမြန်ချမှတ်ရန် အပစ်ရပ်အဖွဲ့များတောင်းဆို
DVB
·
September 12, 2018
သုံးပွင့်ဆိုင်ဆွေးနွေး၍ နိုင်ငံရေးသဘောတူချက် အမြန်ချမှတ်ရန် အပစ်ရပ်အဖွဲ့များတောင်းဆို
Donate to DVB

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ တစ်ဆို့မှုတွေကို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တွေ သုံးပွင့်ဆိုင်အမြန်တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးသဘောတူချက်တခု အမြန်ချမှတ်ဖို့ အန်စီအေ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက  တောင်းဆိုပါတယ်။

မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျင်းပပြီးစီးသွားတဲ့ အန်စီအေလက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ တတိယအကြိမ် ထိပ်သီးခေါင်း ဆောင်များ အစည်းအဝေးကနေ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ ။

နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်က အဓိကကျတဲ့အကြောင်းအရာတွေဟာ အပစ်ရပ်ထား တဲ့အဖွဲ့တွင်းမှာဘဲ ဆုံးဖြတ်လို့မရဘဲ အစိုးရနဲ့ မြန်မာ့တပ်မတော်က ပါဝင်မှ ဖြစ်တာကြောင့် နို င်ငံရေး သဘောတူချက်တခုအမြန်ချဖို့လိုအပ်ကြောင်း ထိပ်သီးဆွေးနွေးပွဲ ပြောခွင့်ရ ရဲဘော်သံခဲက ဒီဗွီဘီကို ပြောပါတယ်။

“နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်မှာ အဓိကအားဖြင့်တော့ နိုင်ငံရေးကဏ္ဍနဲ့ လုံခြုံရေး ကဏ္ဍဆိုင်ရာက အကြီးဆုံးဖြစ်ပါတယ်။ ဒီကဏ္ဍတွေမှာ အထူးသဖြင့် အနာဂတ်ဖက်ဒရယ်ဒီ မိုကရေစီပြည်ထောင်စုနဲ့ဆိုင်တဲ့အပိုင်း၊ နိုင်ငံရေးကဏ္ဍမှာ မလွဲမသွေအဖြေရှာရမယ့် အနာဂတ် အတွက် မူပိုင်းဆိုင်ရာဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ အမျိုးသားတန်းတူရေးတို့၊ လူနည်းစု အခွင့်အရေးတို့ ပြည်နယ်စုဖွဲ့မှုဆိုတဲ့ဟာတွေကို မဆွေးနွေးခင်မှာ ပြည်ထောင်စုမှ မခွဲထွက်ရေး ဆိုတဲ့ ဟာမျိုးကို  ညှိရမယ်၊ အဲဒါမျိုးကိုညှိနိုင်မှ ကျန်တာတွေကိုဆက်ပြီးမှညှိမယ်။ လုံခြုံရေး ကဏ္ဍမှာဆိုရင်လည်း အနာဂတ် ပြည်ထောင်စုတပ်မတော်ဆိုင်ရာကိစ္စရပ်၊ တစ်ခု တည်းသော တပ်မတော်ဆိုင်ရာကိစ္စရပ်၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့အသွင်ပြောင်းခြင်း ဆိုင်ရာ ကိစ္စရပ်မျိုးတွေမှာ ကျနော်တို့လုပ်ငန်းကော်မတီ အလုပ်အဖွဲ့တွေကြားထဲမှာ ဆုံးဖြတ်ပေး နိုင်တဲ့အခြေအနေ မရှိပါဘူး။ ဒါတွေကို ဆုံးဖြတ်ပေးနိုင်သူဟာ အစိုးရထိပ်ပိုင်းနဲ့ တပ်မတော် တာဝန်ရှိသူတွေပါမှ ဖြစ်ပါတယ်။ နိုင်ငံရေးသဘောတူညီချက်လိုဟာမျိုးထွက်အောင် ဆွေးနွေး နိုင်မှ ကျော်ဖြတ်နိုင်မယ့်အတားအဆီးတွေ ဖြစ်ပါတယ်။ ဒီဟာတွေ တစုံလုံးကျော်ဖြတ်နိုင်ဖို့ ထိပ်ပိုင်းတာဝန်ရှိခေါင်းဆောင်တွေကြားမှာ အမြန်တွေ့ဆုံဖို့ လိုအပ်နေတာပါ။”

ဒါ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံပြီး အနာဂတ်မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ဖို့ ဒီမိုကရေစီနဲ့  ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ဘုံရည်မှန်းချက်၊ ဘုံ သဘောတူညီချက်တွေကို အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာရော၊  အန်စီအေ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပါ ညှိနှိုင်းအဖြေရှာ သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်တဲ့ ထိပ်သီးခေါင်းဆောင် ဆွေးနွေးပွဲကျင်းပနိုင်ဖို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST က ပြင်ဆင် ဆောင်ရွက်သွားမှာဖြစ်ပြီး အဆိုပါ PPST အဖွဲ့ခေါင်းဆောင်အဖြစ်  ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး (KNU-ကရင်အမျိုးသားအစည်းအရုံး) နဲ့ ဒုအဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီးယွက်ဆစ် (RCSS- ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ) တို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။

PPST အဖွဲ့ဟာ ငြိမ်းချမ်းရေးအကောင်ထည်ဖော်ဖက်တွေနဲ့ ပေါင်းပြီး အစုအဖွဲ့တွေကြား က နက်ရှိုင်းတဲ့ကွာဟချက်တွေကို အစိုးရ၊ တပ်မတော် ခေါင်းဆောင်တွေနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။

ချင်းမိုင်မှာ စက်တင်ဘာ ၈ ရက်မှ ၁၁ ရက်ထိ ၄ ရက်တာ ကျင်းပသွားတဲ့ အန်စီအေ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ တတိယအကြိမ် ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်နဲ့ ကိုယ်စားလှယ်တွေအားလုံး ၅၀ လောက် တက်ရောက်ဆွေးနွေးခဲ့ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013