DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက်များ ပွင့်လင်းခရီးစဉ်အတွင်း ပြည်သူများ၏ အခက်အခဲ ဖြေရှင်းပေး
DVB
·
August 9, 2012
၈၈ မျိုးဆက်များ ပွင့်လင်းခရီးစဉ်အတွင်း ပြည်သူများ၏ အခက်အခဲ ဖြေရှင်းပေး
Donate to DVB

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်တွေအတွင်း ရှစ်လေးလုံး လူထုအရေးတော်ပုံမှာ ကျဆုံးခဲ့ရတဲ့ စစ်ကိုင်းပြည်သူတွေအတွက် ၀ါဆိုပန်းကပ် ဆုတောင်းပွဲ တခုပြုလုပ်ခဲ့ကြသလို၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် နစ်နာနေကြတဲ့ ပြည်သူတွေအရေး ကူညီဖြေရှင်း ပေးနိုင်ခဲ့ကြပါတယ်။

ကိုမင်းကိုနိုင် ဦးဆောင်တဲ့အဖွဲ့ဟာ ဒီနေ့ မန္တလေးတိုင်းအတွင်း ပွင့်လင်းလူ့အဖွဲ့အစည်းခရီး ထွက်နေကြတာဖြစ်ပြီး ကိုမင်းဇေယျာ ဦးဆောင်တဲ့အဖွဲ့ကတော့ ထားဝယ်ဒေသအတွင်း ခရီးထွက်နေကြတာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနား တက်ရောက်ခဲ့ကြတဲ့ ကိုမင်းကိုနိုင်နဲ့အဖွဲ့ဟာ ဒီနေ့မှာ မန္တလေးတိုင်း မြစ်သားမြို့ကို ရောက်ရှိပြီး မြို့လူထုနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ သူတို့အဖွဲ့ရဲ့ ဒီနေ့ခရီးစဉ် အကြောင်းကို အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဂျင်မီက ခုလို ပြောပြပါတယ်။

“၈ နာရီလောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ရွာကလူတွေနဲ့ စကားပြောတယ်။ နောက် ၉ နာရီမှာ မြစ်သားလူထုနဲ့ စကားပြောတွေ့ဆုံပွဲပေါ့။ မြို့ကအကြီးဆုံးခန်းမမှာ လုပ်တယ်။ လူပေါင်း ၁ ထောင်ကျော်လောက် လုပ်တယ်။ နောက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဟောပြောပွဲ၊ အပြန်အလှန် ဆွေးနွေးပွဲလုပ်တယ်။ ၁၂ နာရီမှာ ပြီးသွားတယ်။ နောက် ကူမဲမှာ ကူမဲလူထုနဲ့ ၁ နာရီကျော်ကြာ စကားပြောတယ်။ အဲက ဆက်ထွက်လာပြီးတော့ စစ်ကိုင်းကောင်းမှုတော် ဘုရားကြီးကို အခု သွားနေပြီ။ စစ်ကိုင်းကလူထုလည်း လာ စုဝေးကြလိမ့်မယ်။ စုဝေးပြီးတော့ စစ်ကိုင်းမြို့က ဒီနေ့ ၉ ရက်နေ့မှာ၊ စစ်ကိုင်းက အကျအဆုံး များတယ်လေ၊ လူ ၁၀၀ ကျော်လောက် ပစ်ခတ် သတ်ဖြတ်ခံခဲ့ရတယ်လေ။ ဒါကြောင့် ၀ါဆိုပန်းကပ်လှူပွဲလေးနဲ့ အမျှဝေပွဲလေး လုပ်မယ်။”

ထားဝယ်ကို ရောက်နေတဲ့ ကိုမင်းဇေယျာ ဦးဆောင်တဲ့ အဖွဲ့ဟာလည်း ဒီနေ့မှာ ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းဧရိယာ အတွင်းပါဝင်တဲ့ နဘုလယ်ဒေသကို သွာရောက်ခဲ့ကြပြီး စီမံကိန်းဒေသတွင်းရှိ ကျေးရွာ ပြည်သူတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးခဲ့ကြတယ်လို့ ပြောပါတယ်။

ကိုမင်းဇေယျာက “အဓိကတော့ ရေနက်ဆိပ်ကမ်းစီမံကိန်းပေါ်မှာ ရွာသူရွာသားတွေရဲ့ နစ်နာချက်တွေပေါ့။ ဥပမာ အိမ်ခြံမြေတွေ ဈေးနှုန်း သတ်မှတ်ထားတာတွေ၊ မညီမျှတဲ့ကိစ္စ တခါလျော်ကြေးပေးတဲ့အခါမှာလည်း မတရားတဲ့ကိစ္စ၊ ဒီမြေကို မမှန်မကန်လုပ်တဲ့ကိစ္စ၊ ရွာတွေကို ပြောင်းရွှေ့မယ် ပြောပြီးတော့ ဆက်ဆောက်တဲ့ကိစ္စ အကုန်လုံးပါပဲ ပြောတာဆိုတာတွေက။ ကျနော်တို့က တချို့က နားလည်မှုလွဲပြီးတော့ ဖော်မရတာတွေ ရှိတယ်။ အဲဒါမျိုး အောက်ခြေအာဏာပိုင် အဖွဲ့အစည်းတွေကို တိုက်ရိုက်ဆက်သွယ်ပြီးတော့ ချက်ချင်း ဖြေရှင်းပေးမှုတွေ ရှိတယ်။ ဥပမာ မြေတကွက်က ၁၅ သိန်းရတယ်။ နောက်တယောက်က သိန်း ၃၀ ရတယ်ဗျာ။ အဲလို ကိစ္စတွေကို ကျနော်တို့က ကြားကနေ ၀င်ညှိပေးတယ်။ အောက်ခြေနဲ့တင် ပြေလည်သွားတာမျိုးပေါ့။”

စီမံကိန်းနယ်မြေအတွင်း နစ်နာနေတဲ့ပြည်သူတွေအရေး လေ့လာပြီး သက်ဆိုင်ရာထံ တင်ပြဆွေးနွေးသွားဖို့လည်း ရှိတယ်လို့ ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများရဲ့  ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်ကို ဩဂုတ် ၆ ရက်နေ့က စတင်ခဲ့ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အပါအ၀င် အဖွဲ့ဝင် ၅၀ လောက်ဟာ မန္တလေး ရှစ်လေးလုံးအထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

အဲ့ဒီနောက် ဩဂုတ် ၉ ရက်မှာ ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့ ဦးဆောင်သော အဖွဲ့ဝင် ၁၂ ဦးဟာ  မြစ်သားမြို့ကနေ စစ်ကိုင်း၊မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ ကျောက်ပန်းတောင်းမြို့များကို ခရီးဆက်မှာဖြစ်ပြီး၊ ကိုကိုကြီးဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးတို့ဟာ   ရှမ်းပြည်နယ် နောင်ခမ်းဘက်ကို ၅ ရက်ကြာ ခရီးသွားရောက်မှာဖြစ်ပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကိုတော့  ကိုမင်းဇေယျ ဦးဆောင်သည့် အဖွဲ့ဝင် ၅ ဦး ပွင့်လင်းလူ့အဖွဲ့အစည်း ခရီး ထွက်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013