DVB Logo
Home
မြန်မာသတင်း
စတုတ္ထစက်မှုတော်လှန်ရေးတွင် မြန်မာပြည်နောက်ကျကျန်မနေဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
September 12, 2018
စတုတ္ထစက်မှုတော်လှန်ရေးတွင် မြန်မာပြည်နောက်ကျကျန်မနေဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

မြန်မာနိုင်ငံမှာ  အင်တာနက်နဲ့ ဆဲလ်ဖုန်းတွေ မြန်မြန်ဆန်ဆန်ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတဲ့အတွက် စတုတ္ထစက်မှု တော်လှန်ရေးမှာ သိပ်အများကြီးနောက်ကျ ကျန်မနေခဲ့ဘူးလို့  နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

ဒီကနေ့မနက် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ ၂၇ ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ “စတုတ္ထစက်မှုတော်လှန်ရေးခေတ် အာဆီယံရဲ့ ဦးစားပေးကိစ္စများ” ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဖိုရမ် ဖွင့်ပွဲအခမ်းအနား ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံဟာ တတိယစက်မှု တော်လှန်ရေးခေတ်ကို ရှောင်လွှဲကျော်ဖြတ်ပြီး စတုတ္ထ စက်မှုတော်လှန်ရေး ခေတ်ထဲတိုက်ရိုက် ရောက်လာတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်၊ မြန်မာလို ဆယ်စုနှစ်တွေ အတော်များများ နောက်ကျကျန်ခဲ့တဲ့ နိုင်ငံတွေရဲ့ အခြေအနေကို ခုန်ပြန် ကျော်လွှားခြင်းဆိုတဲ့ အသုံးအနှုန်းနဲ့ သုံးနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က  ဆဲလ်ဖုန်းတွေရဲ့ တန်ဖိုးက ကန်ဒေါ်လာ ၁,၅၀၀ လောက်ရှိခဲ့ရာက ခုအခါမှာ ၁ ဒေါ်လာခွဲလောက်သာရှိတော့တယ်၊ အင်တာနက် BroadBand အသုံးပြုနိုင်မှုနှုန်းကလည်း ၁ ရာခိုင်နှုန်း ကနေ ၁၀၅ ရာခိုင်နှုန်းထိ ခုန်တက်ခဲ့တယ်၊ ဆဲလ်ဖုန်းတွေ သုံးလာနိုင်လို့ မမျှော်မှန်းနိုင်တဲ့ လားရာကိုသွားနေတယ်လို့ ပြောပါတယ်။

မြန်မာပြည်သူတွေဟာ အရင်တုန်းက ဘဏ်အသုံးပြုတဲ့ အလေ့အထမရှိခဲ့ဘဲ  ပိုက်ဆံတွေကို ဘဏ်တွေမှာထက် မွှေ့ရာရဲ့အောက်မှာထားတာကို ပိုလို့ လုံခြုံစိတ်ချကြတယ်၊ ခုဆိုရင် ပြည်သူတွေ သုံးနေတဲ့ ဆဲလ်ဖုန်းတွေ အများစုက စမတ်ဖုန်းတွေ ဖြစ်နေပြီး ၃၀ရာခိုင်နှုန်းလောက် စမတ်ဖုန်းတွေကို အလွန်တိုတောင်းတဲ့အချိန်အတွင်းမှာ အသုံးပြုနေပြီလို့ ပြောပါတယ်။

ဘဏ်စနစ်သာမက ကုန်သွယ်ရေးဘက်မှာပဲ တိုးတက်လာနေပြီး e-commerce သာမကဘဲ Social Commerce လည်း အလျင်အမြန် တိုးတက်မယ်၊ မြန်မာပြည်သူတွေနဲ့ လူသားအရင်းအမြစ်ကို ယုံကြည်တယ်၊  ယှဉ်ပြိုင်မှုတွေကို မကြောက်ရွံဘူး၊ မြန်မာပြည်သူတွေဟာ စိန်ခေါ်မှုတွေကို လုပ်နိုင်စွမ်းရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသွားပါတယ်။

စက်တင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်အထိ ကျင်းပနေတဲ့ ၂၇ ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ နိုင်ငံပေါင်း (၄၃) နိုင်ငံက ကိုယ်စားလှယ်ပေါင်း ၁,၀၀၀ ကျော် တက်ရောက်နေပြီး ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနဲ့ ထိုင်းနိုင်ငံခေါင်းဆောင်တွေလည်း တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013