DVB Logo
Home
မြန်မာသတင်း
မီဒီယာကောင်စီနှင့် မပတ်သက်တော့ဟု သတင်းစာဆရာအသင်းကြေညာ
DVB
·
September 12, 2018
မီဒီယာကောင်စီနှင့် မပတ်သက်တော့ဟု သတင်းစာဆရာအသင်းကြေညာ
Donate to DVB

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တာတွေ လုပ်တော့မှာ မဟုတ်ဘဲ သီးခြားရပ်တည်မယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ကြေညာပါတယ်။

မကြာခင်က ပြုလုပ်ခဲ့တဲ့ သတင်းမီဒီယာကောင်စီဝင်တွေ ရွေးချယ်ရာမှာ မညီမျှတာတွေ ရှိနေတယ်လို့  ယူဆတာကြောင့် အသင်းရဲ့ အလုပ်အမှုဆောင်အဖွဲ့ကနေ အခုလို ဆုံးဖြတ်လိုက်တာပါ။

သတင်းစာဆရာအသင်းရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးထွန်းနေစိုးက “ကျနော်တို့ အဖွဲ့ကရတဲ့ Quota (ခွဲတမ်း)နဲ့ တခြားအဖွဲ့တွေရဲ့  Quota နဲ့ ညီမျှမှုမရှိဘူးလို့ ယူဆတယ်။ ဒီအကြောင်းကို ကောင်စီရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်စာတင်တယ်။ အကြောင်း ပြန်တာက ဆီလျော်မှု မရှိဘူးလို့ (သတင်းစာအသင်းရဲ့) အမှုဆောင်အဖွဲ့က ယူဆလို့ အခုလို ဆုံးဖြတ်တာပါ။ ဒီကိစ္စကို ပြန်ကြားရေးဝန်ကြီးဌာနကို စာတင်ခဲ့ပေမယ့် ကောင်စီရွေးကောက်ပွဲ ကော်မရှင်နဲ့လည်း သက်ဆိုင်တယ်လို့ ပြန်ကြားလာတာကြောင့် ကော်မရှင်ကို စာတင် ကန့်ကွက်ခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ် တင်မြှောက်ပွဲမှာ မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ကိုယ်စားလှယ် အမည်စာရင်းတွေ ပေးတာ၊ ကိုယ်စားလှယ် အမည်တွေ ပြောင်းလဲတာ၊ ကန့်ကွက်လွှာတွေ တင်သွင်းခဲ့ပေမယ့် ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဟာ အကြောင်းအကျိုးမဆီလျော်တဲ့ အကြောင်းပြချက်တွေနဲ့ လုပ်ဆောင်သွားခဲ့တယ်လို့ ထင်မြင်ယူဆတဲ့ အကြောင်း အသင်းက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် စက်တင်ဘာ ၉ ရက်မှာ လုပ်တဲ့ သတင်းစာဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကနေ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တာတွေ မလုပ်ဘဲ သီးခြားရပ်တည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိ အသစ်ဖွဲ့စည်းထားတဲ့ သတင်းမီဒီယာကောင်စီထဲမှာတော့ သတင်းစာဆရာ အသင်းရဲ့ ကိုယ်စားလှယ်တွေ ပါဝင်နေတာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ ဦးထွန်းနေစိုးက “ဒါကတော့ ကိုယ်စားလှယ်လောင်း စာရင်းပေးပို့ပြီးသား ဖြစ်လို့ပါ။ ကောင်စီမှာပါတဲ့ ကိုယ်စားလှယ်ဟာ သတင်းစာဆရာ အသင်းရဲ့ အသင်းဝင် အဖြစ်တော့ ရှိနေမယ်။ ဒါပေမယ့် အသင်းကို ကိုယ်စားပြုပြီး ရှိနေတာတော့ မဟုတ်တော့ပါဘူး” လို့ ပြောပါတယ်။

နောင်လာမယ့် သက်တမ်းက စပြီး သတင်းမီဒီယာကောင်စီရွေးချယ်ပွဲအတွက် မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက အရွေးချယ်ခံကိုယ်စားလှယ်အဖြစ် ပါဝင်တော့မှာ မဟုတ်ဘူး လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်မတိုင်ခင်မှာပဲ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယအကြိမ် သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့ကို ၂၀၁၈ စက်တင်ဘာ ၈ ရက်က အောင်မြင်စွာကျင်းပရွေးချယ် တင်မြှောက်နိုင်ခဲ့တာအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013