
ပြီးခဲ့တဲ့ ဧပြီလကနေ သြဂုတ်လကုန်အထိ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁၀ သိန်းလောက် (အိတ်ပေါင်း သိန်း ၂၀၀ ဝန်းကျင်) တင်ပို့နိုင်ခဲ့တယ်လို့ ဆန်စပါးအသင်းချုပ်ရဲ့ အချက်အလက်တွေ အရ သိရပါတယ်။
ဧပြီ ၁ ရက်ကနေ သြဂုတ် ၃၁ ရက်အထိ ဆန်တန်ချိန် ၇၇၈,၃၆၈ ကျော်၊ ဆန်ကွဲတန်ချိန် ၂၀၅,၄၂၃ ကျော် တင်ပို့ခဲ့တာပါ။
ဆန်ကို နိုင်ငံပေါင်း ၄၂ နိုင်ငံကို တင်ပို့ခဲ့ပြီး ဆန်ကွဲကတော့ ၁၅ နိုင်ငံကို တင်ပို့ခဲ့တာဖြစ်ပြီး အများစုကတော့ နယ်စပ်လမ်းကြောင်းကနေ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ပို့ကုန်ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၄၁ သန်းကျော်ရခဲ့တယ်လို့ လည်း ဆိုပါတယ်။
မနှစ်ကတော့ ပြည်ပကို ဆန်တန်ချိန် ၁၁ သိန်းလောက် တင်ပို့ခဲ့တာပါ။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ အချက်အလက်တွေအရ ပြည်ပပို့တဲ့ ဆန်ဈေးနှုန်း တွေဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သြဂုတ်လကထက် ပျမ်းမျှအားဖြင့် လျော့သွားတာကို တွေ့ရပါတယ်။
ဒါပေမယ့် ပြည်တွင်းဆန်ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကနဲ့ ယှဉ်မယ်ဆိုရင် ကျပ် ၂၀၀၀ ကနေ ၁၇၀၀၀ ကျပ်အထိ ပိုတက်လာတာပါ။
အခုနှစ်အတွင်း ရေးကြီးမှုတွေနဲ့ သဘာဝဘေးကြာင့် နိုင်ငံတ၀န်း မိုးစပါး ဧက (၄) သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လာမယ့်နှစ်မှာ ပြည်ပကို ဆန်တင်ပို့မှု ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေပါတယ်။











