
ဂျပန်ရုပ်မြင်သံကြား လိုင်းတလိုင်းဖြစ်တဲ့ NHK ရုပ်သံလိုင်းကို မြန်မာနိုင်ငံ SkyNet ရုပ်မြင်သံကြားကုမ္ပဏီကနေ စမ်းသပ်ထုတ်လွှင့်နေပြီလို့ SkyNet ရုပ်သံလိုင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
NHK ရုပ်သံရဲ့ အင်္ဂလိပ်ပိုင်းအစီအစဉ်ဖြစ်ပြီး ၂၄ နာရီ ထုတ်လွှင့်ပြသပေးမယ်လို့ SkyNet ကုမ္ပဏီက ဒေါက်တာ သိန်းသန်းဦးက ပြောပါတယ်။
“ဒီလ ဩဂုတ် ၁ ရက်နေ့ကစပြီး ကျနော်တို့လိုင်းတွေထဲမှာ NHK ပရီမီယမ်တွေ စပြီး ချိတ်နေပါပြီခင်ဗျ။”
မြန်မာပြည်တွင်းမှာ ထုတ်လွှင့်မယ် NHK ရုပ်သံလိုင်းမှာပါဝင်တဲ့ အစီအစဉ်တွေကိုလည်း ဒေါက်တာ သိန်းသန်းဦးက ရှင်းပြပါတယ်။
“သူတို့ကို NHK ရော၊ NHK ပရီမီယမ်မှာ ပါတဲ့ ကဏ္ဍတွေ သတင်းတွေလည်းပါမှာပါ။ ဗဟုသုတတိုးပွားမယ့် အစီအစဉ်တွေလည်း ပါမှာပေါ့ဗျ။”
NHK ရုပ်သံလိုင်းက ထုတ်လွှင့်ချက်တွေကို ဆင်ဆာ ဖြတ်ရ မဖြတ်ရနဲ့ ပတ်သက်ပြီး ဒေါက်တာသိန်းသန်းဦးက အခုလို ပြောပါတယ်။
“ကျနော်လည်း အဲဒါတော့ မပြောတတ်ဘူးဗျ။ မူဝါဒပိုင်းဆိုင်ရာနဲ့ နည်းပညာပိုင်းဆိုင်ရာက ကျနော်သိပ်နားမလည်ဘူးဗျ။ ဆင်ဆာဖြတ်တာ မဖြတ်တာတော့ မပြောတတ်ဘူးဗျ။ ကျနော်တို့ လွှင့်တာကတော့ NHK က လွှင့်တဲ့အတိုင်းပဲ ကျနော်တို့ လွှင့်နေတာပါ။”
SkyNet ရုပ်သံလိုင်းကနေ အစီအစဉ် ၆၀ လောက် ထုတ်လွှင့်နေပြီး စင်ကာပူအခြေစိုက် Channel News Asia၊ ကိုရီးယား အခြေစိုက် KBS ရုပ်သံတို့ကိုလည်း ထုတ်လွှင့်ပြသပေးနေတယ်လို့ ဒေါက်တာ သိန်းသန်းဦးက ပြောပါတယ်။
SkyNet ရုပ်သံလိုင်းဟာ မြန်မာအစိုးရပိုင် မြန်မာရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာနနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ ရုပ်မြင်သံကြားလိုင်း ဖြစ်ပါတယ်။










