DVB Logo
Home
မြန်မာသတင်း
ကျောက်တော်အကြမ်းဖက်မှု လူ ၇ ဦး သေဆုံး၊ အိမ်ခြေ ၁၀၀ ကျော် ပျက်စီးဆုံးရှုံး
DVB
·
August 9, 2012
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မှာ အခုရက်ပိုင်းဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေအတွင်း လူ ၇ ဦး သေဆုံးပြီး အိမ်ခြေ ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ကျောက်တော်မှာ ကယ်ဆယ်ရေးသွားလုပ်တဲ့ ပြည်နယ်တာဝန်ရှိသူတွေ ထံက သိရတဲ့သတင်းကို ပြည်နယ် သတင်းထုတ်ပြန်ရေး အဖွဲ့၊ အတွင်းရေးမှူး ဦးဝင်းမြိုင် အခုလို ပြောပြပါတယ်။

“ဖြစ်စဉ်ကတော့ ပထမ ကျနော်တို့ မသိသေးဘူး။ မနေ့ကတော့ ဥပဒေချုပ်တို့ ၀န်ကြီးတို့ ကယ်ဆယ်ရေး သွားတဲ့အခါမှာ မွတ်ဆလင်တွေက ရခိုင်ရွာတွေကို သွား စတယ်ပြောတယ်။ နောက်နေ့ကျတော့ ရခိုင်ရွာတွေက ပြန်တုံ့ပြန်တယ် သိရတယ်။ အိမ် ၁၀၀ ကျော်ပေါ့။ လူ ၇ ဦး သေဆုံးတာ ဟုတ်ပါတယ်။ ဒဏ်ရာရတာ ၁၀ ယောက်လောက်ရှိတယ်လို့ သိရတယ်။”

သြဂုတ်လ ၅ ရက်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးခဲ့ကြတာပါ။

ကျောက်တော်နဲ့ မြောက်ဦး နယ်စပ် ကုလားတန်မြစ်ကမ်းဘေးမှာ တည်ရှိတဲ့ ဂုပ်ပီတောင်း၊ အလယ်ရွာ၊ ရွှေလှိုင်နဲ့ အမ်ဘာရီ စတဲ့ ရွာ ၅ ရွာမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ကျောက်တော်မြို့ပေါ်မှာ အခုအခါ အခြေအနေ တိုးတက်ကောင်းမွန်ပေမယ့် တခြားရပ်ရွာတွေကိုပါ ပျံ့နှံ့မှာစိုးတဲ့ အတွက် သြဂုတ်လ ၈ ရက်မှာ  ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတယ်လို့လည်း ဦးဝင်းမြိုင်က ပြောပါတယ်။

ပြည်နယ်အစိုးရက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပုံကို ပြည်နယ်သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဦးဦးလှသိန်းက ခုလို ပြောပြပါတယ်။

“အဲဒီရွာတွေမှာ ဒုက္ခသည်တွေ ရှိမယ်။ ၇ ရက်နေ့ကတည်းက ကျနော်တို့ အဲဒီသတင်းတွေ ရတဲ့အခါကျတော့ ချက်ချင်းလုံခြုံရေးနဲ့ ဆန်အိတ်တွေနဲ့ မုန့်ခြောက်တွေ ပို့ခိုင်းလိုက်တယ်။ ကျနော်တို့ ပြန်လာပြီး အစိုးရအဖွဲ့ကိုတင်ပြတော့ ဒီနေ့ ဆန်အိတ် ၃၀၀ နဲ့ ရွက်ဖျင်တဲလေးတွေကို ကယ်ဆယ်ရေးတာဝန်ယူထားတဲ့ စပ်ကော်မတီကို သွားပို့ခိုင်းထားတယ်ဗျ။”

ဒုက္ခရောက်နေတဲ့ လူဦးရေစာရင်း ကောက်ယူနေတုန်းလို့လည်း ပြောပါတယ်။

သြဂုတ်လ ၈ ရက်မှာ ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေ အခင်းဖြစ်ပွားတဲ့ နေရာတွေကို သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ကာ လက်ရှိခရိုင်အုပ်ချုပ်ရေးမှူးတဦး ရုံးထိုင် ဆောင်ရွက်နေပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုတွေ မရှိတော့ဘဲ တည်ငြိမ်နေပြီမို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြည်နယ်အစိုးရက ဇူလိုင် ၃၁ ရက်က သတင်းထုတ်ပြန်ခဲ့ပြီးနောက် သြဂုတ်လ ၅ ရက်က ကျောက်တော်မှာ အခုလို အကြမ်းဖက်ဆူပူမှုတွေ ပြန်လည်ဖြစ်ပွားခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာ ၂ လလောက် ရှိတဲ့အချိန်မှာ ကျောက်တော်အကြမ်းဖက်မှု ထပ်ဖြစ်ပွားခဲ့တာပါ။
ရခိုင်ပြည်နယ်အတွင်း ဇွန်လဆန်းကစပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဆူပူမှုတွေအတွင်း လူ ၇၇ ဦးသေဆုံးခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လထဲ အစိုးရက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013