
နေပြည်တော်က စပါးစိုက်ခင်းထဲမှာ ပိုးသတ်ဆေး ကြဲပက်ခဲ့သူ အလုပ်သမား ၄၀ ကျော်ဟာ မူးဝေပြီး ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေရတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဧက ၅၀၀ ညောင်ပင်စုစိုက်ကွင်းမှာ ပျဉ်းမနားမြို့နယ်က နေ့စား အလုပ်သမားတွေ လာရောက် လုပ်ကိုင်ရာမှာ အလုပ်သမား ၄၃ ယောက်က ပေါင်းသတ်ဆေးနဲ့ ပိုးသစ်ဆေးတို့ကို သဲနဲ့ရောပြီး စပါးခင်းတွေကို ကြဲပက်ခဲ့ကြပါတယ်။
မနက် ၉ နာရီခွဲ အလုပ်ခဏနားချိန်မှာ ပိုးသတ်ဆေး ကြဲပက်သူတွေထဲက ၂ ယောက်က မူးဝေခဲ့ပြီး အလုပ်ဆက်လုပ်ကြရာမှာတော့ ကျန်သူတွေအားလုံးလည်း မူးဝေ အော့အန်ခဲ့ကြပါတယ်။
ဒါကြောင့် နေ့လယ် ၁ နာရီလောက်မှာ ပျဉ်းမနားမြို့ ခုတင် ၂၀၀ ဆေးရုံမှာ တက်ရောက်ကုသခဲ့ရပါတယ်။ လတ်တလော အလုပ်သမား ၃ ယောက်ကတော့ ဆေးရုံကဆင်းသွားပြီး အမျိုးသားအယောက် ၃၀၊ အမျိုးသမီး ၁၀ ယောက်ကတော့ ဆေးရုံတက်နေရဆဲပဲလို့ ပြည်ထဲရေး သတင်းမှာ ဖော်ပြပါတယ်။











