DVB Logo
Home
မြန်မာသတင်း
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၏ သုံးပုံတပုံ အရှုံးပေါ်နေ
DVB
·
September 11, 2018
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၏ သုံးပုံတပုံ အရှုံးပေါ်နေ
Donate to DVB

နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းတွေရဲ့ သုံးပုံတပုံလောက်ဟာ အခုနှစ်အတွက် ငွေစာရင်း တင်ရာမှာ အရှုံးနဲ့ ရေးဆွဲတင်ပြလာပြီး အရှုံးငွေပမာဏ ကျပ်သန်းပေါင်း ၈ သိန်းကျော်ရှိတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက သိရပါတယ်။

နိုင်ငံပိုင်စီးပွားရေးအဖွဲ့တွေဖြစ်တဲ့ အစိုးရ ဝန်ကြီးဌာနလက်အောက်ခံ အဖွဲ့အစည်းပေါင်း ၃၂ ခုရှိပြီး ၁၀ ခုက အရှုံးစာရင်းနဲ့ ရေးဆွဲလာတာပါ။

ဒီထဲမှာ နိုင်ငံတော် ရန်ပုံငွေသုံးစွဲဆောင်ရွက်တဲ့ အဖွဲ့အစည်း ၂၆ ခုရှိပြီး ၉ ခုက အရှုံးစာရင်း ရေးဆွဲထားပါတယ်။  နိုင်ငံတော်ရန်ပုံငွေ ပြင်ပက သုံးစွဲလုပ်ဆောင်တဲ့ အဖွဲ့အစည်း ၆ ခုမှာတော့ တခုကပဲ အရှုံးစာရင်း ရေးဆွဲထားတာပါ။

နိုင်ငံတော် ဘဏ္ဍာငွေက သုံးစွဲနေတဲ့အရှုံးပြလာတဲ့ ဝန်ကြီးဌာနတွေကတော့ ပြန်ကြားရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စွမ်းအင်၊ စက်မှုဝန်ကြီးဌာနတို့ဖြစ်ပါတယ်။

အရှုံးအများဆုံး ရေးဆွဲတင်ပြထားတာကတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန လက်အောက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းဖြစ်ပါတယ်။ ဒီဝန်ကြီးဌာန အောက်မှာ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနဲ့ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းတို့ ရှိပါတယ်။

ဒီလုပ်ငန်းတွေထဲမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတခုကပဲအရှုံးရှိပြီး ကျပ်သန်းပေါင်း ၆၂၉,၉၆၃ ကျော် ရှုံးတာပါ။ ဒီလုပ်ငန်းဟာ ၂၀၁၆-၁၇ တုန်းက ကျပ်သန်းပေါင်း ၄ သိန်းကျော်၊ ၂၀၁၇-၁၈ မှာ ကျပ်သန်းပေါင်း ၅ သိန်းကျော် ရှုံးခဲ့ပြီး ၂၀၁၈ ခုနှစ် ၆ လ ဘတ်ဂျက်မှာလည်း ကျပ်သန်းပေါင်း ၃ သိန်းကျော်ရှုံးခဲ့တာကို တွေ့ရပါတယ်။

အခုနှစ်အတွက် ခန့်မှန်းရေးဆွဲတာမှာလည်း ဝင်ငွေက ကျပ်သန်းပေါင်း ၁,၂၂၉,၉၇၈ ဖြစ်ပြီး သုံးငွေက ၁,၈၅၉,၉၄၁ ကျော်ဖြစ်နေတာကြောင့် အရှုံးက ကျပ်သန်းပေါင်း ၆ သိန်းကျော် နေတာပါ။

ကျန်တဲ့လုပ်ငန်းတွေကတော့ အမြတ်စာရင်းဆွဲထားပြီး ကျပ်သန်းပေါင်း ၇၂၉,၄၉၈ ကျော် မြတ်တာကို တွေ့ရပါတယ်။

ဒုတိယအရှုံးအများဆုံးကတော့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနဖြစ်ပြီး ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၊ မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေးနဲ့ မြန်မာ့ စာတိုက် လုပ်ငန်းတို့က ရှုံးနေပါတယ်။

တယ်လီဖုန်းဆက်သွယ်ရေးလုပ်ကိုင်တဲ့ မြန်မာ့ဆက်သွယ်ရေးတခုကပဲ ကျပ်သန်းပေါင်း ၉၈,၀၀၀ ကျော်မြတ်နေတာပါ။ ဒီလုပ်ငန်းဟာလည်း ၂၀၁၆- ၁၇ ခုနှစ်က ကျပ်သန်းပေါင်း ၂၆၄,၀၀၀ ကျော်မြတ်ခဲ့တာကြောင့် အခုဆိုရင် အမြတ်ငွေက သုံးပုံနှစ်ပုံလျော့ကျသွားတာကို တွေ့ရပါတယ်။

ရှုံးတဲ့ဌာနတွေထဲမှာ မြန်မာ့မီးရထားက ကျပ်သန်းပေါင်း ၉၇,၉၂၃ ကျော်၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးက ကျပ်သန်းပေါင်း ၉,၆၄၇ ကျော်၊ မြန်မာ့စာတိုက်လုပ်ငန်းက ၄,၁၁၀ ကျော်နဲ့ ကုန်းလမ်းပို့ဆောင်ရေးက ၁,၃၆၉ ကျော် အရှုံးစာရင်း ရေးဆွဲထားပါတယ်။

နောက်ထပ်ရှုံးတဲ့ဌာနကတော့ စက်မှုဝန်ကြီးဌာန လက်အောက်က အမှတ် ၁၊ ၂နဲ့ ၃ အကြီးစား စက်မှုလုပ်ငန်းတို့ ဖြစ်ပါတယ်။

အမှတ် ၁ အကြီးစားစက်မှုလုပ်ငန်းက ကျပ်သန်းပေါင်း ၃၃,၉၂၄ ကျော်၊ အမှတ် ၂ အကြီးစား စက်မှု လုပ်ငန်းက ကျပ်သန်းပေါင်း ၁၄,၂၀၉ ကျော်နဲ့ အမှတ် ၃ အကြီးစားစက်မှုလုပ်ငန်းက ကျပ်သန်းပေါင်း ၃၈,၁၄၂ ကျော်အရှုံးစာရင်း ရေးဆွဲထားတာကြောင့် စုစုပေါင်းအရှုံးက ကျပ်သန်းပေါင်း ၈၆,၂၇၅ ကျော် ဖြစ်ပါတယ်။ ဒီဝန်ကြီးဌာနမှာ မြန်မာ့ဆေးဝါးလုပ်ငန်းတခုကပဲ ကျပ်သန်းပေါင်း ၃,၇၈၃ ကျော် အမြတ်ရပါတယ်။

နောက်ထပ်ရှုံးတဲ့ လုပ်ငန်းတခုကတော့ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်က သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းဖြစ်ပြီး ဒီနှစ်မှာ ကျပ်သန်းပေါင်း ၁,၁၅၇ ကျော် အရှုံးပြလာပါတယ်။ ဒီလုပ်ငန်းဟာ နိုင်ငံပိုင်သတင်းစာတွေ ထုတ်ဝေနေတာဖြစ်ပြီး ၂၀၁၆-၁၇ ခုနှစ်က အမြတ်ငွေ ကျပ်သန်းပေါင်း ၃,၅၀၀ ကျော်၊ ၂၀၁၇-၁၈ ခုနှစ်မှာ အမြတ်ငွေ ကျပ်သန်းပေါင်း ၁,၈၈၇ ကျော်၊ ၂၀၁၈ ခုနှစ် ၆ လဘတ်ဂျက်မှာ အမြတ်ငွေ ကျပ်သန်းပေါင်း ၆၅၂ ကျော်ရခဲ့ပြီး အခုမှ အရှုံးနဲ့ ရေးဆွဲလာတာပါ။

ဒါကြောင့် နိုင်ငံဘဏ္ဍာငွေက သုံးစွဲတဲ့ လုပ်ငန်းတွေထဲက အရှုံးစာရင်းရေးဆွဲလာတဲ့ လုပ်ငန်း ၉ ခုရဲ့ စုစုပေါင်း အရှုံးဟာ ကျပ်သန်းပေါင်း ၈၃၃,၃၈၅ ကျော်ဖြစ်ပါတယ်။

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအပြင်က ဆောင်ရွက်တဲ့ လုပ်ငန်းတွေထဲမှာတော့ ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်က မြန်မာအမျိုးသားလေကြောင်းလိုင်းတခုပဲ ကျပ်သန်းပေါင်း ၂,၉၄၁ ကျော် အရှုံးစာရင်း ရေးဆွဲထားပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနလက်အောက်က ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကတော့ အမြတ်ငွေ ကျပ်သန်းပေါင်း ၄၀,၇၈၉ ကျော်၊ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အမြတ်ငွေ ကျပ်သန်းပေါင်း ၁၃,၉၇၃ ကျော်ရရှိမယ်လို့ ရေးဆွဲထားတာကို တွေ့ရပါတယ်။

နိုင်ငံတော် ဘဏ္ဍာငွေက သုံးစွဲဆောင်ရွက်နေတဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက အမြတ်ငွေ ကျပ်သန်းပေါင်း ၁,၁၅၉ ကျော်ပဲ ရမယ်လို့ ရေးဆွဲထားတာကြောင့် ပြင်ပက ဆောင်ရွက်တဲ့ လုပ်ငန်းက အဆပေါင်း ၅၀ ကျော် ပိုမြတ်နေတာကို တွေ့ရပါတယ်။

အရှုံးနဲ့ ရေးဆွဲလာတဲ့ လုပ်ငန်းအများစုဟာ တနှစ်ထက်တနှစ် အရှုံးတွေ ပိုပြီး များလာတာကို တွေ့ရသလို အမြတ်ရတဲ့လုပ်ငန်းတွေဟာလည်း တနှစ်ထက်တနှစ် အမြတ်ငွေလျော့လာတာကို တွေ့ရပါတယ်။

အမြတ်စာရင်းနဲ့ ရေးဆွဲထားတဲ့ အဖွဲ့အစည်းတွေထဲမှာတော့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းက ကျပ်သန်းပေါင်း ၆၅၀,၀၀၀ ကျော်နဲ့အများဆုံးဖြတ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ်သန်းပေါင်း ၅၆၀,၀၀၀ ကျော်နဲ့ အများဆုံးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013