DVB Logo
Home
မြန်မာသတင်း
မုံရွာပညာရေးကောလိပ်ကျောင်းသားများ ကျောင်းဝင်းထဲ လှည့်လည်ဆန္ဒပြ
DVB
·
September 11, 2018
မုံရွာပညာရေးကောလိပ်ကျောင်းသားများ ကျောင်းဝင်းထဲ လှည့်လည်ဆန္ဒပြ
Donate to DVB

ပညာရေးကောလိပ်တွေက ကျောင်းသားထုတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေအနေနဲ့ တွေ့ဆုံညှိနှိုင်းဆောင်ရွက်ပေးဖို့  စစ်ကိုင်းတိုင်း မုံရွာပညာရေးကောလိပ်က ကျောင်းသား၊ ကျောင်းသူတွေက ဒီကနေ့မနက် ကျောင်းဝင်းထဲ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

မုံရွာပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက ဦးဆောင်ကာ ကျောင်းသား/သူ ၄၀၀ ကျော်က ကျောင်းသားအခွင့်အရေး၊ ပညာဆက်လက်သင်ကြားခွင့်ရရှိရေး၊ စိတ်ကြိုက်ဘာသာတွဲ ရယူခွင့်ရှိရေး စတာတွေအတွက် တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။

မုံရွာပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမြင့်ထွေးက “တနိုင်ငံလုံးမှာရှိတဲ့ ပညာရေးကောလိပ်ကျောင်း ၁၄ ကျောင်းက ကျောင်းသားသမဂ္ဂတွေစုပြီး ကိုယ်စားပြု ကော်မတီဆိုပြီး ဖွဲ့ထားတာရှိတယ်။ ကျနော်တို့မှာ လိုအပ်နေတဲ့ အချက်တွေကို စုစည်းပြီး ပညာရေးဝန်ကြီးဌာနကို ပို့ထားတယ်။ အခုထိ အကြောင်းပြန်တာမရှိသေးဘူး။ ဒါဟာ မထီမဲ့မြင်လုပ်တယ်လို့ မြင်တယ်။ ပြီးတော့ဒါက ကျောင်းသားတွေရဲ့ အသံကို နားမထောင်တာပေါ့။ လို့ ပြောပါတယ်။

မုံရွာပညာရေးကောလိပ်မှာ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသား/သူ ၇၀၀ ကျော်ရှိပါတယ်။ ဒီနေ့ဆန္ဒပြပွဲမှာတော့ ကျောင်းသား ၄၀၀ ကျော်ပါဝင်ခဲ့ပြီး ကျန်တဲ့ ကျောင်းသားတွေကတော့ စာသင်ခန်းတွေအတွင်းမှာ ဆက်လက်ပညာသင်ကြားနေကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာတော့ ကျောင်းသား/သူတွေက အဝေးသင်တက္ကသိုလ် တတိယနှစ်မှ စတင်တက်ရောက်ခွင့်ရရေး၊  စာပေဘာသာရပ် လွတ်လပ်စွာ ရွေးချယ်ခွင့်အတွက် ညှိနှိုင်းပေးရေး၊ ပညာဆက်လက်သင်ယူရန် နစ်နာဆုံးရှုံးမှုအတွက် ဆက်လက်ညှိနှိုင်းပေးရေး စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ကာ စီတန်းလှည့်လည်ကြွေးကြော်ခဲ့ကြပါတယ်။

ကောလိပ်မှာ ၂ နှစ်ပညာသင်ပြီးဖြစ်ပေမယ့် အဝေးသင်မှာ ပထမနှစ်ကနေ စတက်ရတာဖြစ်လို့ တတိယနှစ်ကနေ ဆက်တက်ခွင့်ရဖို့ တောင်းဆိုတယ်လို့ မုံရွာပညာရေးကောလိပ်က ဒုတိယနှစ် ကျောင်းသူ မအေးသူဇာနွယ် ကပြောပါတယ်။

လက်ရှိမှာ မုံရွာပညာရေးကောလိပ်မှာ ကျောင်းအုပ်ကြီးက ပင်စင်ယူသွားတဲ့အတွက် လစ်လပ်နေပြီး ကျန်တဲ့ ဆရာ/မတွေက တာဝန်ယူနေတာဖြစ်ပါတယ်။

ကောလိပ် စီမံတာဝန်ယူထားတဲ့ ဦးကျော်မြင့်က “ကျနော်သိတဲ့အချိန်မှာ ခေါ်ယူပြီး ညှိနှိုင်းခဲ့ ပါတယ်။ သူတို့က ဆရာ/ဆရာမဖြစ်မယ့်သူတွေ၊ သူများကို ဆုံးမမယ့်သူတွေဖြစ်တဲ့ အတွက် စည်းကမ်းကို လိုက်နာရမယ်လေ။ ငြိမ်းစုစီ တင်ပြီးပြီလားဆိုတော့ မတင်ရသေးဘူး ပြောတယ်။ ကျနော်က မပြနဲ့လို့ မပြောဘူး။ သို့သော်စည်းနဲ့ဘောင်နဲ့သွား။ ကျောင်းထဲပြချင်တယ်။ ရတယ်။ ဖြစ်စဉ်အားလုံးကို တာဝန်ရှိသူတွေကို အသိပေးတင်ပြ ထားပါတယ်။”လို့ ပြောပါတယ်။

လက်ရှိမှာ စာမေးပွဲတွေကလည်း အခု စက်တင်ဘာလ ၁၇ ရက်နေ့မှာ စတင်ဖြေဆိုရတော့မှာဖြစ်ပါတယ်။

ကျောင်းသားတွေကတော့ တနေကုန်ဆန္ဒပြသွားဖို့ဆုံးဖြတ်ထားပြီး ကောလိပ်ကျောင်း ဘောလုံးကွင်းဘေးမှာ လူစုနေကြပါတယ်။ တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို မဖြေရှင်းပေးရင် ဒီထက်ပြင်းထန်တဲ့ ဆန္ဒပြမှုတွေပါ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

အခြားပညာရေးကောလိပ်ကျောင်းတွေဖြစ်တဲ့ မကွေး၊ ပခုက္ကူ၊ မော်လမြိုင် စတဲ့ ၁၄ ကျောင်းကပါ တောင်းဆို လှုပ်ရှားမှုတွေ ထပ်လုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013