DVB Logo
Home
မြန်မာသတင်း
မစ္စတာကင်တားနား ခရီးစဉ်အပေါ် ရခိုင်နိုင်ငံရေးအင်အားစုများ ဝေဖန်
DVB
·
August 8, 2012
မစ္စတာကင်တားနား ခရီးစဉ်အပေါ် ရခိုင်နိုင်ငံရေးအင်အားစုများ ဝေဖန်
Donate to DVB

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး မစ္စတာကင်တာနားရဲ့ မြန်မာပြည်ခရီးစဉ်ဟာ မျှတမှုမရှိဘူးလို့ ရခိုင်နိုင်ငံရေးအင်အားစုတွေက ထုတ်ဖော်ပြောဆိုကြပါတယ်။

[caption id="attachment_28609" align="alignleft" width="300" caption="မစ္စတာ ကင္တာနား"][/caption]

မစ္စတာကင်တားနားရဲ့ ရခိုင်ခရီးစဉ်မှာ ဘင်္ဂါလီတွေရဲ့ အသံကိုသာ နားထောင်သွားပြီး ရခိုင်တွေရဲ့ အသံကို နားထောင်ခြင်းမရှိဘူးလို့ ဝေဖန်ကြတာဖြစ်ပါတယ်။

မစ္စတာကင်တားနားက ရခိုင်ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်အခြေအနေဟာ စိုးရိမ်ဖွယ်ကောင်းတဲ့အကြောင်းနဲ့ ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့တခု စေလွှတ်သင့်တာကို တင်ပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ အမတ် ၄၄ နေရာအနက် ၃၅ နေရာအနိုင်ရထားတဲ့ စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက “မစ္စတာကင်တားနားကို ကျနော်တို့ ပြည်သူတွေ အများကြီးပြောချင်တာရှိခဲ့တယ်။ ဒါပေမယ့် ပြောခွင့်မရခဲ့ဘူး။ သူဟာ ဘူးသီးတောင်၊ မောင်တောမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့ပဲ တွေ့ဆုံသွားတယ်။ စစ်တွေမြို့မှာ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံမှုမလုပ်ခဲ့ဘူး။ တဖက်သတ်ဆန်လွန်းအားကြီးတယ်လို့ မြင်တယ်” လို့ ပြောပါတယ်။

မောင်တောမြို့က အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးမဏိသာရကလည်း မစ္စတာကင်တားနားခရီးစဉ်ကို ခုလို မိန့်ပါတယ်။

“ကင်တားနားက ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ဦးဇင်းတို့ကတော့ ကင်တားနားပြောတာတွေကို လက်သင့်မခံဘူး။ ဒီမှာ မွတ်စလင် ၅ ဦးနဲ့တော့ သီးသန့် အခန်းတခန်းမှာ တွေ့ဆုံတယ်။ ဒီမှာရှိတဲ့ ဒုက္ခသည်တွေနဲ့တော့ မမေးဘဲ ပြောတာလေးပဲ နားထောင်ပြီးပြန်သွားတယ်။ ဆူပူအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ ဗီဒီယိုမှတ်တမ်းတွေရှိတာကိုလည်း ကျောက်ဗလီက ထွက်လာတာတွေကို ခရိုင်အုပ်ချုပ်ရေးရုံးမှာ ပြတော့လည်း သူက သေချာမကြည့်ဘဲနဲ့ သံတမန်ဝန်ထမ်းတယောက်အနေနဲ့ ချိုးဖောက်တယ်လို့ မြင်တယ်။ ကင်တားနားက ပွင့်လင်းမြင်သာမှုတော့ မရှိဘူး။”

တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်ခဲ့ပြီး မကြာသေးခင်ကမှ အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီခေါင်းဆောင် ဦးခိုင်စိုးနိုင်အောင်ကလည်း ခုလို ပြောပါတယ်။

“ကင်တားနား သတင်းစာရှင်းလင်းပွဲမှာ တဖက်ပဲ ပြောတယ်။ နှစ်ဖက် မပြောဘူးဗျ။ ဘင်္ဂါလီတွေ ဘက်ကနေပြီးတော့ ပြောတယ်။ ရခိုင်တွေဘက်က ဘယ်လောက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုတာ ဖြည့်စွက်ပြီး လုံးဝ ပြောတာ မရှိဘူး။ အဲဒါကတော့ သိပ်သဘာဝမကျဘူးထင်တယ်။ ပဋိပက္ခဖြစ်ရင် နှစ်ဖက်မှာ အားနည်းချက်တွေ ရှိကြမှာပဲ။”

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦအေးသာအောင်က “ရခိုင်ပြည်နယ်မှာ ဖြစ်သွားတဲ့ အရေးမှာ ရခိုင်လူမျိုးတွေ အမြောက်အမြား သေသွားတယ်။ ရခိုင်ရွာတွေ မီးရှို့ခံရတဲ့အပေါ်မှာ စာနာထောက်ထားတဲ့ တခွန်းမှာ မပါဘူး။ ဘင်္ဂါလီတွေအတွက်ပဲ စာနာဖို့ ပြောတယ်ဆိုတော့ အန်ကယ်အနေနဲ့ ဒါဟာ မမျှတဘူးလို့ ထင်ပါတယ်။”
မစ္စတာကင်တားနားက ရခိုင်ပြည်နယ်ခရီးစဉ်မသွားခင် ဦးအေးသာအောင်ကို တွေ့ဆုံခဲ့သလို ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာနက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း တက်ရောက် နားထောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013