DVB Logo
Home
မြန်မာသတင်း
လစာပိုထုတ်ယူသည့် ပညာရေးမှူးများကို အရေးယူ
DVB
·
September 10, 2018
Donate to DVB

မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည်တော်ကောင်စီနယ်မြေက ပညာရေးမှူး ၂ဦးနဲ့ လက်ထောက် ပညာရေးမှူး ၁ဦးတို့ကို လစာငွေတွေပိုထုတ်ယူခဲ့မှုနဲ့ ပညာရေးဝန်ကြီးဌာနက အရေးယူလိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်က ပညာရေးမှူးနဲ့ လက်ထောက်ပညာရေးမှူး တို့ဟာ လစာ ကျပ် ၃၆ ဒသ မ ၈၂၂ သန်းနဲ့ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်က ပညာရေးမှူးက လစာ ကျပ် ၃ ဒသမ ၉၃၄ သန်းတို့ ပိုမိုထုတ်ယူထားခဲ့ကြလို့ ရာထူးချပြီး နယ်ပြောင်းထားတယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ဒီကနေ့ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက်အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက်အစီရင်ခံစာနဲ့ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပြန်လည်ရှင်းလင်းတာမှာ အခုလို ထည့်သွင်း ပြောတာပါ။

ငါန်းဇွန်မြို့နယ် ပညာရေးမှူးရုံးက ပညာရေးမှူး ဒေါ်လွင်လွင်သန်းနဲ့ လက်ထောက် မြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုးတို့ နှစ်ဦးဟာ လစာငွေ ၃၆ ဒသမ ၈၂၂ သန်း ပိုမိုထုတ်ယူခဲ့လို့ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးနဲ့ စာရင်းစစ် စည်းမျဉ်းစည်းကမ်းနဲ့အညီ တာဝန်ရှိတဲ့ အတွက် တဆင့်နိမ့်ရာထူးလျော့ချပြီး ပြောင်းရွှေ့ခန့်ထားခဲ့သလို ငွေစာရင်းကိုင်(၂) ဖြစ်သူ ဦးသက်ပိုင်ကိုလည်း အလုပ်က ထုတ်ပယ်ပြစ်ဒဏ်တွေ ပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်က ပညာရေးမှူး ဒေါ်စန်းစန်းကြွယ်ဟာ ၂၀၁၆  သြဂုတ်ကနေ ၂၀၁၇ ဇန်န၀ါရီလထိ လစာငွေ ၂ ကြိမ်ပိုထုတ်တဲ့ အမှုတွဲ ၄ ခုနဲ့ သက်ဆိုင်မှုမှာ တာဝန်ရှိလို့ မိုင်းဖြတ်ခရိုင် ပညာရေးမှူးရုံးကို လက်ထောက်ညွန်ကြားရေးမှူး ရာထူးနဲ့ ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

ဒါ့အပြင် ဒုမြို့နယ် ပညာရေးမှူးဟာလည်း တာဝန်ရှိတဲ့အတွက်ကြောင့် ခေါင်လန်ဖူးမြို့နယ်ကို ပြောင်းရွှေဖို့နဲ့ စာရေး(၃) အဆင့်ရှိသူကို တဆင့်နိမ့်ရာထူးလျော့ချပြီး အခြေခံပညာအထက်တန်းကျောင်း တကျောင်းကို ပြောင်းရွှေ့ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

"သူတို့တတွေကို အခုလို ပြောင်းရွှေ့တာနဲ့ တဆင့်နိမ့်ရာထူးပဲလျော့ချ ဆောင်ရွက်ရ တာဟာ သူတို့တတွေဟာ ပိုထုတ်တဲ့ လစာတွေကို ပြန်သွင်းပြီးတဲ့အတွက်ကြောင့် ဒီပြစ်ဒဏ် တွေကိုပဲ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ငါန်းဇွန်ဖြစ်စဉ်ကတော့လျော်ဖို့ စီစဉ်နေပါတယ်" လို့ ဒေါက်တာမျိုးသိမ်းကြီးက  ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013