DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုသဘောတူစာချုပ်အရ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်မည်
DVB
·
September 10, 2018
ပြည်ထောင်စုသဘောတူစာချုပ်အရ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်မည်
Donate to DVB

နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ထွက်ပေါ်လာမယ့် ပြည်ထောင်စုသဘောတူစာချုပ်အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်သွားရမယ်လို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ညီလာခံ  သဘာပတိ  ပူးဇင်ကျုံး က ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၉ ရက်က ကျင်းပတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်လတ်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ထိပ်သီးခေါင်းဆောင်များ တတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“အန်စီအေမှာ အတိအလင်း ဖော်ပြထားတဲ့အတိုင်း နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့် ကနေ ထွက်ပေါ်လာမယ့် ပြည်ထောင်စုသဘောတူစာချုပ်အရ လက်ရှိ ပြည်ထောင်သမ္မတ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ခြင်းများ ပြုလုပ်သွားကြရမှာ ဖြစ်ပါတယ်။ ဤသဘောတူညီချက်ကို အပြည့်အ၀ အကောင်အထည်ဖော်ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အကြား သန္နိဋ္ဌာန်ပြုထားပြီး ဖြစ်ပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်မှပဲ တိုင်းရင်းသားပြည်သူလူထု လိုလား တောင့်တနေတဲ့ ငြိမ်းချမ်းသာယာတဲ့နိုင်ငံတော် တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ တတိယအကြိမ်မြောက် ထိပ်သီးခေါင်းဆောင် များ အစည်းအဝေး (3rd NCA-S EAO Summit) ကို စက်တင်ဘာ ၈ ရက်ကနေ ၁၁ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်နေပါတယ်။

အစည်းအဝေးမှာ  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်း အဝေးနဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (Framework for Political Dialogue) ပြန်လည်သုံးသပ်တာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ကိစ္စရပ်တွေ၊ အလွတ်သဘောဆွေးနွေးမှုဆိုင်ရာကိစ္စရပ်တွေ အပါအ၀င် NCA-S EAO ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013