
မန္တလေး-ပြင်ဦးလွင်ကားလမ်းမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး ကားပေါ်လိုက်ပါလာကြတဲ့ ကျောင်းသားတွေနဲ့ ဆရာတွေအပါအ၀င် စုစုပေါင်း ၂၅ ဦး ဒဏ်ရာရရှိသွားပါတယ်။
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် မန္တလေး - ပြင်ဦးလွင်အတက်လမ်း မိုင်တိုင် ၁၀/၅ အနီး ငွေတောင်ကျေးရွာနဲ့ ကုလားကြီးခြံကျေးရွာအကြားမှာ စက်တင်ဘာ ၉ ရက် ညနေပိုင်းက ဒိုင်နာယာဉ်တစီး တိမ်းမှောက်ခဲ့တာပါ။
ပြင်ဦးလွင်မြို့အလင်းရောင်ဘော်ဒါဆောင်က ဘုရားဖူးလေ့လာရေးထွက်လာတဲ့ ကားဖြစ်ပြီး အခင်းဖြစ်နေရာအရာက်မှာ ဆိုင်ကယ်ကို တိမ်းရှောင်လိုက်ရာက အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးသို့ တိမ်းစောင်းပြီး မှောက်သွားခဲ့တာပါ။
ယာဉ်တိမ်းမှောက် ဒဏ်ရာရသွားသူတွေကို အကူအညီပေးခဲ့တဲ့ စေတနာမွန် လူမှုကူညီရေးအသင်းက ကိုအောင်သူက “ဒဏ်ရာတွေ ပွန်းတာပဲ့တာပါပဲ။ ကြီးကြီး မားမားမရှိပါဘူး။ ယာဉ်မောင်းကတော့ သတိလစ်နေတုန်းဘဲဗျ။ ပြင်ပဒဏ်ရာကြီးကြီး မားမားတော့ မတွေ့ရဘူး”လို့ ပြောပါတယ်။
တိမ်းမှောက်တဲ့ယာဉ်ပေါ်ပါလာတဲ့ နဝမတန်း ကျောင်းသား (၁၁) ဦး ဒဿမတန်း ကျောင်းသား (၁၂) ဦး၊ ဆရာ (၂) ဦးတို့ဟာ ဒဏ်ရာအနည်းငယ်ရခဲ့တာကြောင့် ကျောက်မီးကျေးရွာ တိုက်နယ်ဆေးရုံကို တင်ပို့ခဲ့ပြီး ယာဉ်မောင်းနဲ့ ကျောင်းသား (၆) ဦးကိုတော့ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးကို တင်ပို့ခဲ့ပါတယ်။
ယာဉ်မောင်းသူကို ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ အုန်းချောရဲစခန်းက အရေးယူ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။











