DVB Logo
Home
မြန်မာသတင်း
ပြည်နယ်နှင့် တိုင်းအချို့တွင် ရေကြီး၊ သေဆုံးမှုများရှိ
DVB
·
August 8, 2012
ပြည်နယ်နှင့် တိုင်းအချို့တွင် ရေကြီး၊ သေဆုံးမှုများရှိ
Donate to DVB

အခုရက်ပိုင်းအတွင်း မိုးများပြီး မြစ်ချောင်း ရေလျှံတဲ့အတွက် ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က မြို့ရွာတချို့မှာ ရေလွှမ်းပြီး လူအသေအပျောက်တွေ ရှိခဲ့ပါတယ်။

[caption id="attachment_28916" align="alignleft" width="300" caption="မဒေါက်မြို့တွင် ရေကြီးနေပုံ(Photo: Bo Tuck@icj)"][/caption]

ပဲခူးတိုင်း မဒေါက်မြို့ထဲမှာ မြစ်ရေကြီးမှုကြောင့် လှေတွေနဲ့ သွားလာနေရပြီး မနေ့က လက်ခတ်လှေနဲ့ စက်လှေတစီး တိုက်မိတဲ့အတွက် လှည်းဆိပ်ရပ်က  အသက် ၂၀ အရွယ် အမျိုးသမီးငယ်တဦး သေဆုံးခဲ့တယ်လို့ ရေဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ကိုဝင်းမြင့်က ပြောပါတယ်။

မဒေါက်မြို့ထဲ ရေလွှမ်းခံရတဲ့ နေအိမ် ၁ ထောင်ကျော်ရှိပြီး ထောင်ချီတဲ့ ဒုက္ခသည်တွေဟာ တိုင်တစ်ရာ၊ အင်းချောင်၊ တံခွန်တိုင်နဲ့ သာသနာ့ဝံသကျောင်း တိုက်တွေမှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။

မြို့နားတ၀ိုက် ရွာပေါင်း ၂၀ မှာလည်း  ရေတွေဝင်နေပြီး စပါးခင်းပေါင်း ဧက ၁ သောင်းခွဲလောက် ရေလွှမ်းနေတယ်လို့ ပြောပါတယ်။

ညောင်လေးပင်မြို့နယ်မှာလည်း ဒီလဆန်းကတည်းက စစ်တောင်းမြစ်ရေလျှံမှုကြောင့်  ရပ်ရွာနဲ့ လယ်ကွင်းတွေ  ရေလွှမ်းနေပြီး ဒီနေ့ထိ ရေမကျသေးတဲ့အတွက် ဒေသခံတွေ အတော်ဒုက္ခရောက်နေတယ်လို့ ကိုဝင်းမြင့်က ပြောပါတယ်။

“မကျသေးဘူး။ ကျန်နေသေးတဲ့ သဘောပဲ။ မနေ့က ကျေးရွာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆေးကုဆင်းတာ အကုန်လုံးက လူနာတွေကို တစက်မိတ်တွေ အောက်ကို ၀င်ပြီး ခက်ခက်ခဲခဲ ကုရတယ်။”

ရေဘေးဒုက္ခသည်တွေကို ညောင်လေးပင်လူမှုရေးအသင်း၊ ညောင်လေးပင် အန်အယ်လ်ဒီအဖွဲ့ဝင်နဲ့ မြို့ခံတွေက ထမင်းထုတ်နဲ့ ဆေးဝါးတွေ ဝေငှပေးနေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ဩဂုတ်လ ၆ ရက်နေ့က စပြီးရွာသွန်းတဲ့မိုးကြောင့် နမ္မတူမြစ်ရေကြီးပြီး သိန္နီမြို့နယ်ထဲမှာ ရေလွှမ်းခဲ့တဲ့အတွက် ပန်စုန်ရွာသားတဦး ရေထဲမျှောပါ သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

သိန္နီမြို့တောင်ဘက်တကြောက ခမ်းတင်း၊ နောင်ကား၊ ဟိုနား၊ ကောင်းလန်း၊ ကုန်းမုန် စတဲ့ကျေးရွာမှာ စပါးစိုက်ခင်းဧကပေါင်း ၂၀၀ ကျော် ရေလွှမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ကရင်ပြည်နယ်မှာ မိုးများပြီး မြစ်ရေလျှံတဲ့အတွက် ဘားအံမြို့၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊ ကမမောင်းဘက်မှာလည်း ရေကြီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘားအံမြို့မှာ ပြီးခဲ့တဲ့ လကုန်ပိုင်းကစလို့ ကမ်းနားတလျှောက်က ရပ်ကွက်နဲ့ ကျေးရွာတွေ ရေလွှမ်းခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ ရေဘေးဒုက္ခသည်တွေဟာ ဘားအံ မိုးလုံလေလုံ အားကစားကွင်း၊ အောင်သံလွင် အားကစားကွင်း၊ ကြားတောရကျောင်းတိုက်နဲ့ ဗလီတွေမှာ ခေတ္တခိုလှုံနေရကြောင်း ဒေသခံတဦးက ပြောပါတယ်။

ရေဘေးဒုက္ခသည်တဦးက “ဒုက္ခရောက်တာပေါ့။ ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်တော့၊ ကလေးတွေနဲ့ ဘုန်းကြီးကျောင်းမှာနေရတာ အိမ်သာတက်ရတာကအစ ရေတွေဘာတွေရှားနဲ့။ လက်လုပ်လက်စားသမားတွေ ဒုက္ခရောက်တာပေါ့။ မိုးကလည်း တခါမှ မပြတ်ဘူး။ လေတွေမိုးတွေကျတယ်” လို့ ပြောပါတယ်။

အစိုးရ မိုးဇလဌာနက ဒီနေ့မွန်းလွဲပိုင်း မြစ်ရေကြီးခြင်း သတိပေးချက်အရ င၀န်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂ ပေကျော် မြင့်တက်နေပြီး နောက် ၃ ရက် ဆက်ကြီးဦးမယ်လို့ ဆိုပါတယ်။ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာကို ရောက်နေပြီး ၁ ရက်အတွင်း ၃ လက်မကျော် ထပ်တက်ဦးမယ်လို့ ဆိုပါတယ်။

အရင်ရက်တွေက ထုတ်ပြန်ခန့်မှန်းချက်တွေအရ ဆိုရင်တော့ ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့မှာ စိုးရိမ်ရေမှတ်အထက် ၁၀ လက်မခန့် ကျော်လွန်နေပြီး နောက် ၂ ရက်အထိ စိုးရိမ်ရေမှတ်အထက်မှာပဲ ရှိနေမယ်လို့ ဆိုပါတယ်။
စစ်တောင်းမြစ်ရေတက်လို့ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်ထက် ၅ ပေကျော်နေတယ်လို့ ဆိုပါတယ်။  သံလွင်မြစ်ရေကတော့ ဘားအံမြို့တွင် စိုးရိမ်ရေမှတ်ထက် ၃ ပေကျော်နေပြီး  ရွှေကျင်မြစ်ရေ တက်နေတာကြောင့် ရွှေကျင်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲကျော် မြင့်တက်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013