DVB Logo
Home
မြန်မာသတင်း
တောင်းဆိုချက်မရ၍ ဖုယွင်အထည်ချုပ်လုပ်သားများ ရန်ကုန်မြို့လယ် ချီတက်ဆန္ဒပြ
DVB
·
September 9, 2018
တောင်းဆိုချက်မရ၍ ဖုယွင်အထည်ချုပ်လုပ်သားများ ရန်ကုန်မြို့လယ် ချီတက်ဆန္ဒပြ
Donate to DVB

သပိတ်စခန်းဖွင့်ပြီး ရက် ၂၀ ကျော်လာတဲ့အချိန်အထိ တောင်းဆိုတဲ့အချက်တွေ မရရှိသေးတဲ့အတွက် ဖုယွင်အထည်ချုပ်လုပ်သားတွေ ရန်ကုန်မြို့ ဆူးလေကနေ စဥ့်အိုးတန်း လမ်းထိ ချီတက်ဆန္ဒပြခဲ့ပါတယ်။  

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ဒဂုံဆိပ်ကမ်းစက်မှုဇုန် ၁ မှာရှိတဲ့ ဖုယွင် အထည်ချုပ်စက်ရုံက အလုပ်သမား ၃၀ ကို အလုပ်ထုတ်လိုက်တဲ့အပေါ် သြဂုတ် ၂၁ ရက်နေ့ကတည်းက သပိတ်စခန်းဖွင့်ပြီး တောင်းဆိုခဲ့ကြပေမယ့် ဒီနေ့အချိန်အထိ ညှိနှိုင်းမှုတွေ၊ တောင်းဆိုချက်တွေ မရတဲ့အတွက်ကြောင့် လမ်းလျှောက်ချီတက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဆန္ဒပြရာမှာ ပါဝင်တဲ့ ကိုတင်ထွဋ်ပိုင်က “ဒီနေ့အချိန်အထိ တောင်းဆိုထားတဲ့အချက်တွေ တချက်မှ မရသေးပါဘူး။ ဒါကြောင့် ကျနော်တို့ ဖုယင် သပိတ်ကို ၀န်းရံတဲ့ အင်အားစုတွေနဲ့ လမ်းပေါ် တက်လာခြင်း ဖြစ်ပါတယ်။ ဖုယင်သပိတ်ကို ၀န်းရံတဲ့ အင်အားစုထဲမှာ ဘယ်တွေပါလဲဆိုတော့ ရပ်မိရပ်ဖတွေပါပါတယ်။ နိုင်ငံရေးအင်အားစုတွေပါပါတယ်၊ ဒဂုံဆိပ်မှာရှိတဲ့ သမဂ္ဂအဖွဲ့အစည်း က သမဂ္ဂအဖွဲ့ဝင်တွေ ပါပါတယ်။ ကျနော်တို့ဟာ လမ်းပေါ်တက်ချင်လို့ တက်လာတာ မဟုတ်ပါဘူး။ ဒီလိုမျိုး ဒဂုံဆိပ်ကမ်းမှာ ရက် ၂၀ ကျော်ကြာကြာ သားငယ်၊ သမီးငယ်တွေကို ပစ်ထားတဲ့ အစိုးရကို သိစေချင်လို့ပါ” လို့ ပြောပါတယ်။

အဲဒီလမ်းလျှောက်ချီတက်တာကို အလုပ်သမားနဲ့ ဝန်းရံသူ ၅၀ လောက်ပါဝင်ပြီး  သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို ခွင့်ပြုမိန့်တင်ပြ တောင်းခံခဲ့တာ မရှိဘူးလို့ သိရပါ တယ်။

အဲဒီဆန္ဒထုတ်ဖော်မှုမှာ ဖုယွင်အထည်ချုပ်စက်ချုပ် အလုပ်သမားကိစ္စကို အစိုးရက ဖြေရှင်းပေးဖို့၊ အလုပ်သမားတွေကို အစိုးရက ကာကွယ်ပေးဖို့၊ အာဏာပိုင်အဖွဲ့တွေကို ဘက်မလိုက်ဘဲဖြေရှင်းပေးဖို့ အလုပ်သမားသမဂ္ဂတွေကို ဖြိုခွဲနေတာကို အရေးယူပေးဖို့ အပြင်အလုပ်သမားတွေ အခွင့်အရေးအတွက် ကာကွယ်ပေးတဲ့ဥပဒေတွေကို ပြဋ္ဌာန်းပေးဖို့ ဆိုတဲ့ အချက် ၅ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

ဗကသများအဖွဲ့ချုပ် လုပ်ငန်းကော်မတီမှ ကိုဝေယံက “သက်ဆိုင်ရာ အာဏာပိုင်တွေ၊ ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့တွေက ဥပဒေချိုးဖောက်တဲ့ လုပ်ငန်းရှင်ဘက်နေပြီး ဒီနေ့အထိ ရပ်တည်ပြီး သပိတ်မှောက်နေတဲ့ အလုပ်သမားတွေကို တဖက်သက်ဖိနှိပ်နေဆဲဖြစ်တယ်။ လုပ်ငန်းရှင်ဘက်က ဥပဒေချိုးဖောက်ရုံတင်မကဘဲ အလုပ်သမားချင်း ရန်တိုက်ပေးတာတွေ အလုပ်သမားချင်း ပဋိပက္ခ ဖြစ်ပွားစေတဲ့အထိကို ဆောင်ရွက်နေတာတွေ ရှိပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက တစုံတရာလာရောက်ဖြေရှင်းပေးခြင်းမရှိလို့ ဖုယင်အထည်ချုပ် အလုပ်သမားသပိတ်ကို ၀န်းရံထောက်ခံတဲ့ အလုပ်သမားသမဂ္ဂတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေက ဒီနေ့ မြို့ပေါ်ကိုတက်လာပြီးတော့ ဆန္ဒပြကြွေးကြော်ရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် မလှဥမ္မာက “ပြစ်မှု တစုံတရာမရှိဘဲ လုပ်ငန်းရှင်ဘက် အကြောင်းမဲ့ အလုပ်ထုတ်လိုက်တာ အစိုးရက ဘယ်လိုအရေးယူပေးမလဲ ဆိုတာကိုပဲ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

အခုလိုဆန္ဒပြချီတက်တာနဲ့ပတ်သက်ပြီး ခွင့်ြ့ပုမိန့်မတင်ခဲ့တာကြောင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေရဲ့ တရားစွဲဆိုတာတွေ လုပ်လာခဲ့မယ်ဆိုရင်လည်း ပါဝင်ခဲ့ကြတဲ့ အလုပ်သမားတွေ သမဂ္ဂအဖွဲ့တွေအနေနဲ့ရင်ဆိုင်ဖို့ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။

ဆိုရှယ်ဒီမိုကရက်တစ်တပ်ဦးမှ ကိုကျော်ကိုကို က “အဓိက စက်ရုံသမဂ္ဂအဖွဲ့ဝင်တွေကို သူတို့က ထုတ်ပစ်လိုက်တာ ဖြစ်တယ်။ စက်ရုံသမဂ္ဂထဲမပါဝင်တဲ့ အလုပ်သမားတွေကို မက်လုံးပေးထားတယ်။ ဥပမာပြောရင် လစာတိုးပေးမယ်တို့ နေတိုင်းဆင်းတဲ့အတွက် ဘောနပ်စ် ပေးမယ်တို့ အစရှိသဖြင့် မြှူဆွယ်ထားတာတွေရှိတယ်။ အဲဒီလို မြှူဆွယ်ထားတဲ့ အထဲမှာ ပါဝင်တဲ့သူကလည်း အနည်းစုဘဲ။”

အခုအလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၃၀ ဟာ စက်ရုံအလုပ်သမားသမဂ္ဂကို စတင်တည်ထောင်သူတွေ ဖြစ်ပြီး ဒီစက်ရုံမှာ အလုပ်သမား ၉၀၀ လောက် ရှိပါတယ်။ စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့ သပိတ်စခန်းဖွင့်ထားတဲ့ ဖုယွင်အထည်ချုပ်စက်ရုံရှေ့မှာ အခုကိစ္စတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်သွားဖို့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013