DVB Logo
Home
မြန်မာသတင်း
တနိုင်းပယင်းမှော်များ ပိတ်လိုက်၍ တနိုင်တပိုင်လုပ်ကိုင်သူများ အခက်အခဲကြုံတွေ့
DVB
·
September 9, 2018
တနိုင်းပယင်းမှော်များ ပိတ်လိုက်၍ တနိုင်တပိုင်လုပ်ကိုင်သူများ အခက်အခဲကြုံတွေ့
Donate to DVB

ကချင်ပြည်နယ်မှာ နယ်မြေငြိမ်းချမ်းမှု မရှိတာကြောင့် တနိုင်းပယင်းမှော်တွေ တူးဖော်ခွင့်ကို ပိတ်လိုက်တဲ့အတွက် ပယင်းဈေးကွက်မှာ ကုန်ကြမ်းတွေရှားပါးလာပြီး တနိုင်တပိုင် ပယင်းလုပ်ငန်းလုပ်ကိုင်သူတွေ အခက်အခဲ ကြုံတွေ့ရပါတယ်။

လတ်တလောမှာတော့ ပယင်းထုတ်လုပ်သူတွေအနေနဲ့ ကုန်ကြမ်းတွေကို တရုတ်နိုင်ငံကနေတဆင့် ပြန်လည်ဝယ်ယူနေရပါတယ်။

ပယင်းရောင်းချသူ ဦးမျိုးက “ပိတ်လိုက်တဲ့အခါကျတော့ ဒေသခံလေးတွေ ဝမ်းစာရေးအတွက် လုပ်ကိုင်စားသောက်ရတာ နည်းနည်းကြပ်သွားတာပေါ့။ သူတို့ဒေသက ထွက်တဲ့ဟာလေးတွေကို ရှာဖွေစားသောက်ရတဲ့အခါမှာ လုံးဝပိတ်သွားတယ်ဆိုတော့ နေ့စဉ် ဝင်ငွေရယ်လို့ အကြပ်အတည်းတွေ တွေ့လာတာပေါ့။ နိုင်ငံခြားကနေ ကိုယ်တင်သွင်းထားတဲ့ဆီ ကနေတဆင့် ပြန်ဝယ်ပြီးတော့မှ ပြန်ရောင်းချတာမျိုး မဖြစ်စေချင်ဘူး။ ဈေးကွက်ကိုလည်း ကိုယ့် ပြည်တွင်းမှာပဲ မားမားမတ်မတ် တည်တည်ငြိမ်ငြိမ် ဖြစ်စေချင်တယ်” လို့ ပြောပါတယ်။

ပယင်းမော်တွေကို ပိတ်ထားတာဟာ ၁ နှစ်ကျော်ရှိနေဖြစ်တဲ့အတွက် ဒေသခံတွေ စားဝတ်နေရေးအဆင်ပြေစေဖို့ အစိုးရပိုင်းကနေ စနစ်တကျ တူးဖော်ခွင့်တွေ လုပ်ပေးသင့်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကထွက်ရှိတဲ့ ပယင်းတွေကို အရင်ကတရုတ်နိုင်ငံကို အများဆုံးတင်ပို့နေတာ ဖြစ်ပြီး လက်ရှိမှာတော့ တရုတ်ကို တင်သွင်းထားတဲ့ ပယင်းတွေကို မြန်မာနိုင်ငံက ပြန်လည်ဝယ်ယူနေရတဲ့ အနေအထားမှာ ရှိနေတာပါ။

တနိုင်တပိုင် ပယင်းလုပ်ငန်း လုပ်ကိုင်စားသောက်နေသူတွေအတွက် ပြည်ပဈေးကွက် ရရှိလာအောင် နိုင်ငံတော်ပိုင်းကနေ ဖန်တီးပေးသင့်တယ်လို့ ဆိုပါတယ်။

ပယင်းရောင်းချသူ တဦးက “တရုတ်ပြည်ကိုကျတော့ အလုံးလိုက်လေးတွေ ယူသွားတာ။ သူတို့က ပြန်ဖြတ်ထုတ်ပြီး ကောင်းတာလေးပဲ ယူတာပေါ့။ မကောင်းတဲ့ ဘေးသားလေးတွေကို မြန်မာပြည်ကို ပြန်ရောင်းခဲ့တာ။ ပြီးတော့ သူတို့ဆီက ပြန်ဝယ်ယူနေရတယ်။ သူတို့က ကောင်းတာလေးတွေပဲ ယူထားလိုက်တယ်။ မကောင်းတာတွေကို ဒီမှာပြန်ရောင်းပေမယ့် ဈေးကြီးကြီး ပေးဝယ်လိုက်ရတာပဲ” လို့ ဆိုပါတယ်။

ပယင်းရောင်းချသူ ကိုအာကာက “ကျနော်တို့ တနိုင်တပိုင်လုပ်စားတဲ့ အရာမျိုးကိုတော့ နိုင်ငံတော်က အခွင့်အလမ်းလေးတွေ လမ်းကြောင်းလေးတွေ ဖွင့်ပေးဖို့ လိုအပ်တယ်။ ပြီးတော့ ပယင်းကို ကျနော်တိုက အခု တရုတ်ကိုပဲ ဦးစားပေး ရောင်းနေရတာ။ နိုင်ငံတကာဈေးကွက်ကို ဖောက်ဖို့ဆိုတာ ကျနော်တို့မှာလည်း တာဝန်ရှိသလို နိုင်ငံတော် မီဒီယာပိုင်းတွေမှာလည်း မီဒီယာ ကဏ္ဍတခုအနေနဲ့ လိုအပ်တယ်လို့ ကျနော်ထင်ပါတယ်” လို့ ပြောပါတယ်။

ပယင်းကို မြန်မာပြည်ဒေသ တချို့မှာတော့ သက်တမ်းရင့် လက်ဝတ်ရတနာအနေနဲ့ ဈေးကွက်ချဲ့ထွင်ရောင်းချနေ တာရှိသလို ကျန်းမာရေးအတွက် အဆောင်အဖြစ်လည်း အမျိုးသမီးတွေရော အမျိုးသားတွေပါ ပယင်းကို ၀တ်ဆင်လေ့ရှိကြပါတယ်။

သတင်း - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013