DVB Logo
Home
မြန်မာသတင်း
တရုတ်ကျောက်ကုန်သည်များ ၀ီချက်ဖြင့်အရောင်းအ၀ယ်ပြုလုပ်မှု တားဆီးပေးရန် တောင်းဆို
DVB
·
September 9, 2018
တရုတ်ကျောက်ကုန်သည်များ ၀ီချက်ဖြင့်အရောင်းအ၀ယ်ပြုလုပ်မှု တားဆီးပေးရန် တောင်းဆို
Donate to DVB

မန္တလေးမြို့၊ မဟာ​အောင်​​မြေ​ကျောက်​မျက်​ရတနာ ​ရောင်းဝယ်​​ရေးစခန်းက တရုတ်ကုန်သည်တွေ ၀ီချက်နဲ့ ၀ယ်ယူ​ရောင်းဝယ်​နေတာကြောင့် ဈေးကွက်ပျက်ပြီး နစ်နာမှုများလာတဲ့အတွက် တားဆီးပေးဖို့ ပြည်တွင်းကျောက်ကုန်သည်တွေက တောင်းဆိုလိုက်ပါတယ်။

မဟာ​အောင်​​မြေ​ကျောက်​မျက်​ရတနာ​ဈေးအတွင်း ၀ယ်လက် တရုတ်ကုန်သည်တွေက ၀ီချက်နဲ့ အရောင်းအ၀ယ်ပြုလုပ်နေတာ ၂ နစ်​ကျော်​ရှိ​နေတာ​ကြောင့် ပြည်​တွင်းလုပ်​ကိုင်​စား​သောက်​ကြသူ​တွေ ထိခိုက်​သလို နိုင်​ငံ​တော်​ရဲ့ အခွန်​အခ​တွေလည်း များစွာဆုံးရှုံး​နေတာ​ကြောင့် တားဆီးပိတ်ပင်ပေးဖို့ တောင်းဆိုဆန္ဒပြုလက်မှတ်​တွေကို စက်တင်ဘာ ၇ ရက်က စတင်ကောက်ခံ​နေတာလို့​ ကျောက်​မျက်​ရတနာ​ရောင်းဝယ်​​နေတဲ့ ပွဲစား ကို​ကျော်​ကြီးက ​ပြောပါတယ်​။

KLG ကျောက်မျက်ကုမ္ပဏီမှ ကိုမျိုးက “ပြည်တွင်းကုန်သည်တွေက တယောက်တည်း ကြည့်ဝယ်တော့ အခြားသူ မမြင်သေးဘူး၊ ဒီကျောက်ရဲ့ တခြားအရည်အသွေးပိုင်း သိတဲ့သူက ပိုပေးချင်ပေးမယ်၊ ကျောက်စိမ်းအရောင်းအ၀ယ်က အာရုံနဲ့ ရောင်းဝယ်လုပ်ကြတာ​လေ။ ဈေးမကိုက်လို့ ရွှေလီတင်မယ်ဆိုရင် အဲဒီက ၀ယ်လက်တွေက ၀ီချက်ကတဆင့် ကြည့်ပြီးသား ဖြစ်နေတော့ တန်ရာတန်ဖိုး မပေးတော့ဘူး”  လို့ ပြောပါတယ်။

ကျောက်စိမ်းလက်ကောက်တွေကို ၀ီချက်နဲ့ အများဆုံးဝယ်ယူကြပြီး ကျောက်ဝိုင်းအတွင်း တရုတ်ဝယ်လက်တွေက သူတို့နဲ့ ချိတ်ဆက်သူတွေကို အွန်လိုင်းလေလံလိုမျိုး ပြုလုပ်​ရောင်းဝယ်​​နေကြတာပါ။

“ကျောက်ဝိုင်းတွင်းမှာ ၀ီချက်နဲ့ ​ရောင်းတာဝယ်တာ​တွေကို ပိတ်ပင်ပေးဖို့ပါ။ အလွတ်သဘောနဲ့ ဘယ်လိုဝယ်ဝယ်ရတယ် အများလာတဲ့ ကျောက်ဝိုင်းမှာတော့ မလုပ်သင့်ဘူး​လေ။ ဥပမာပြောရင် ဟောင်ကောင်က ရတနာဆိုင်ကြီးတခုက ၀ီချက်ကနေ လက်ကောက်ကို သိန်း ၈၀ ပေးနေတာတောင် မန္တလေးကျောက်ဝိုင်းက ၀ီချက်သမားက သိန်း ၅၀ က မတက်ဘဲ ဈေးရပ်လိုက်တော့ ဈေးသေသွားတယ်။ ရသင့်ရထိုက်တာ မရ​တော့ဘူး” လို့ ထွန်းတောက်လျှံကျောက်မျက် ကုမ္ပဏီပိုင်ရှင် ကိုအောင်ဝင်းဦးက ပြောပါတယ်​။

ကျောက်စိမ်းဟာ ရွှေ​ဈေးကွက်​လို ၁ ကျပ်သားကို ဘယ်​​လောက်​ဆိုပြီး ပေါက်ဈေးသတ်မှတ်ထားတာမရှိဘဲ ၀ယ်ယူသူရဲ့ အာရုံပေါ်မူတည်ပြီး တန်ဖိုးဖြတ်ဈေးပေးရတာဖြစ်​တာ​ကြောင့် မန္တလေးကနေ တရုတ်ပြည်ကို မရောက်ခင်မှာ ၀ီချက်က ပျံ့နံ့သွားရာက​နေ တရုတ်ပြည်ထဲက ၀ယ်လက်ကုန်သည်​တွေက ကြည့်ရှုပြီးဖြစ်သွားတဲ့အတွက်​ ​ဈေးနိမ်ခံရတယ်လို့ ဆိုပါတယ်။

ဝီချက်နဲ့ ၀ယ်ယူတာနဲ့ တရုတ်ပြည်ကို ကျောက်စိမ်းအရိုင်းတုံးတွေ တရားမ၀င် သယ်ယူရောင်းချ​နေကြတာ​တွေဟာ ကျောက်စိမ်းဈေးကွက်ပျက်စီး​စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခတွေ ဆုံးရှုံးနေတာကြောင့် ကျောက်မျက်ဥပဒေပြင်ဆင်ရေးအတွက် ကျောက်မျက်လုပ်ငန်းရှင်များ (မန္တလေး) က ပြည်​သူ့လွှတ်​​တော်​ဥပ​ဒေမူကြမ်း​ရေးဆွဲ​ရေး​ကော်​မတီကို တင်ပြထားပါတယ်​။

လက်​ရှိ​ကောက်​ခံ​နေတာ လက်မှတ်ပေါင်း ၇၀၀၀ ကျော်ရရှိပြီလို့ဖြစ်ပြီး ကောက်ခံရရှိတဲ့ လက်မှတ်တွေကို ကျောက်မျက်ဈေးအကျိုးတော်ဆောင်အဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ (မြို့တော်စည်ပင်) တို့ကို တင်ပြသွားမှာလည်း ဆိုပါတယ်။

မန္တ​လေးမဟာ​အောင်​​မြေ​ ကျောက်​မျက်​ရတနာ​ဈေးဟာ တ​နေ့ကို ​ရောင်းဝယ်​​ရောင်းချသူ​ပေါင်း ၂ ​သိန်းနီးပါး ဝင်​ထွက်​ရာင်းဝယ်​​နေတဲ့​ ကျောက်​မျက်​ရတနာ​ဈေးကြီးတခုလည်း ဖြစ်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013