
အိန္ဒိယနိုင်ငံ၊ ဥတ္တရပရာဒေ့ရှ်ပြည်နယ်ထဲက အိန္ဒိယ-နီပေါနယ်စပ်အနီးမှာ ခရီးသွားလာခွင့် စာရွက်စာတမ်းတွေမရှိဘဲ နီပေါနိုင်ငံဘက်ကို ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ အမေရိကန်နိုင်ငံသားတယောက်ကို အိန္ဒိယနယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်ပြီး ဗဟိုထောက်လှမ်းရေးအေဂျင်စီတွေက သူ့ကို စစ်ဆေးမေးမြန်းနေတယ်လို့ The Telegraph India သတင်းမှာ ဇူလိုင် ၁၄ ရက်က ဖော်ပြပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်ဇာတိ အသက် ၃၆ နှစ်အရွယ် ဂျော်ဒန်ဘရောင်းဟာ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေကို စစ်သင်တန်းပေးနေတယ်လို့ စွပ်စွဲခံထားရတဲ့ နိုင်ငံခြားသားတွေနဲ့ ဆက်နွှယ်မှုရှိ၊ မရှိဆိုတဲ့ အချက်ကို စုံစမ်းစစ်ဆေးသူတွေဟာ အဓိကထား စိစစ်နေကြတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ဥရောပကနေ သယ်ဆောင်လာတဲ့ ဒရုန်းတွေကို အိန္ဒိယနယ်စပ်ကတဆင့် မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့တွေဆီ မှောင်ခိုပို့ ဆောင်ပေးပြီး၊ အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးကို ထိပါးစေမဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့မှုနဲ့ ယူကရိန်းနိုင်ငံသား ၆ ယောက်နဲ့ အမေရိကန်နိုင်ငံသား တယောက်တို့ကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီက ဖမ်းဆီးခဲ့ဖူးပါတယ်။
စုံစမ်းစစ်ဆေးချက်တွေအရ အဆိုပါ တရားခံတွေဟာ ကန့်သတ်နယ်မြေဝင် ရောက်ခွင့်ပါမစ် မရှိဘဲ မီဇိုရမ်ပြည်နယ်ထဲကို သွားရောက်ခဲ့ကြပြီး အဲဒီကနေတဆင့် မြန်မာနိုင်ငံထဲကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်ကာ မြန်မာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံပြီး ဥရောပကနေ သယ်ဆောင်လာတဲ့ ဒရုန်းတွေကို အိန္ဒိယနိုင်ငံတဆင့် ပို့ဆောင်ပေးခဲ့တယ်လို့ ပေါ်ပေါက်ခဲ့ဖူးပါတယ်။
အိန္ဒိယနယ်ခြားစောင့်တပ်ရဲ့ သတင်းရင်းမြစ်တွေအဆိုအရ ဂျော်ဒန်ဘရောင်းကို ဇူလိုင် ၁၁ ရက်မှာ နီပေါနိုင်ငံနဲ့နီးစပ်တဲ့ ဆိုနောလီ နယ်စပ်ဖြတ်ကျော် ဂိတ်အနီး၊ မဟာရာ့ဂျ်ဂန့်ဂျ်ခရိုင်၊ မိုင်နီဟွာ နယ်စပ်မှတ်တိုင် ၅၁၆ အနီးမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ဆိုပါတယ်။
သူဟာ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ပေမဲ့ နယ်စပ်စောင့်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့ပြီး ဥတ္တရပရာဒေ့ရှ်ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
မဟာရာ့ဂျ်ဂန့်ဂျ်ခရိုင် ရဲအရာရှိ ဆစ်ဒါ့သ်ရဲ့ ပြောပြချက်အရ ဘရောင်းဟာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ရေလမ်းခရီးကနေတဆင့် အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဂိုအာပြည်နယ်မှာ နေထိုင်နေခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရချိန်မှာ သူ့ဆီမှာ ခရီးသွားလာခွင့် စာရွက်စာတမ်းနဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထား မရှိဘူးလို့ ဆိုပါတယ်။
ဘရောင်းဟာ ဂိုအာကနေ ဘန်ဂလောမြို့ဆီ သွားရောက်ခဲ့ပြီး အဲဒီကမှတဆင့် နီပေါနိုင်ငံထဲ ဝင်ရောက်ဖို့ ရည်ရွယ်ချက်နဲ့ ဆိုနောလီနယ်စပ်ဆီ ခရီးဆက်လာခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
စစ်ဆေးမေးမြန်းရာမှာတော့ သူဟာ ထိုင်းနိုင်ငံဆီ ကမ္ဘာလှည့်ခရီးသွားဗီဇာနဲ့ သွားရောက်ခဲ့ချိန်မှာ ပျောက်ဆုံးသွားခဲ့တာလို့ ထွက်ဆိုထားပါတယ်။ ဒါ့အပြင် သူဟာ အမေရိကန်ရေတပ်ရဲ့ အရာရှိဟောင်းတယောက် ဖြစ်တယ်လို့လည်း ထွက်ဆိုခဲ့ပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ ဘရောင်းရဲ့ အသုံးအဆောင်ပစ္စည်းတွေထဲကနေ တရုတ် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါ ပတ်စ်ပို့ဟာ ဘယ်သူ့ပိုင်လဲ ဆိုတာကို ဆက်လက်စစ်ဆေးနေကြောင်း သိရပါတယ်။
Source: The Telegraph India










