DVB Logo
Home
မြန်မာသတင်း
မျိုးစပါးနှင့်ပတ်သက်ပြီး ဂရိတ်ဝေါကုမ္ပဏီက တောင်သူများကို နစ်နာကြေးပေး
DVB
·
September 8, 2018
မျိုးစပါးနှင့်ပတ်သက်ပြီး ဂရိတ်ဝေါကုမ္ပဏီက တောင်သူများကို နစ်နာကြေးပေး
Donate to DVB

ဂရိတ်ဝေါကုမ္ပဏီကဖြန့်ဖြူးတဲ့ မျိုးစပါးနဲ့ပတ်သက်ပြီး ဒီပဲယင်းမြို့နယ်က တောင်သူတွေကို ကုမ္ပဏီက နစ်နာကြေးပေးအပ်ခဲ့ပြီး ရွှေဘိုမြို့နယ်မှာတော့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဂရိတ်ဝေါကုမ္ပဏီက ဖြန့်ဖြူးခဲ့တဲ့ GW 1 ပုလဲသွယ်စပ်မျိုးစပါးတွေနဲ့ ပတ်သက်ပြီး အပင်ပေါက်မစုံတာ၊ မျိုးမသန့်တာ၊ အထွက်နှုန်း လျော့နည်းတာတွေကြောင့် ဒီပဲယင်း၊ ရွှေဘိုမြို့နယ်က တောင်သူတွေက ဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုတာတွေရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းအစိုးရက စုံစမ်းရေးအဖွဲ့ဖွဲ့စည်းကာ ၁ လကြာ စစ်ဆေးစေခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့ကတော့ အစိုးရရုံးမှာ ကုမ္ပဏီတာဝန်ရှိသူတွေက ဒီပဲယင်းမြို့နယ်က တောင်သူတွေအတွက် ၁ ဧကကို နစ်နာကြေးငွေ ၁ သိန်းကျပ်နဲ့ မျိုးစေ့ဖိုးလျှော်ဖို့ သဘောတူညီခဲ့တာပါ။

ဒါနဲ့ပတ်သက်ပြီး စက်တင်ဘာလ ၇ ရက်နေ့ကတော့ ဒီပဲယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ တောင်သူတွေ၊ ကုမ္ပဏီ တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေနဲ့ တောင်သူတဦးချင်းအတွက် ကုမ္ပဏီက ပေးလျော်ခဲ့တာပါ။

“ဌာနဆိုင်ရာတွေ ရှေ့မှာပေါ့၊ ကုမ္ပဏီက မန်နေဂျာဦးသန်းကြိုင်၊ လ/ထ မန်နေဂျာ ဦးမြင့်အောင်တို့ လာပြီး သရက်ကန်၊ တည်တော၊ မိချောင်းအိုင် အုပ်စုက တောင်သူ ၃၀၀ ကျော်ကို ဧကအလိုက် နစ်နာကြေး အကြေပေးခဲ့ပါတယ်။ အားလုံး ဧက ၁၄၀၀ ကျော်ဆိုတော့ သိန်း ၁၄၀၀ ကျော်ပေါ့။ တကယ်တမ်းတော့ သူတို့ပေးတဲ့ ၁ သိန်းက နည်းတောင်နည်းပါသေးတယ်။ နှစ်ဦးနှစ်ဖက်ပြေလည်တဲ့အတွက် အဆင်ပြေပါတယ်” လို့ သရက်ကန်ကျေးရွာက တောင်သူခေါင်းဆောင် ဦးသန်းဝေက ပြောပါတယ်။

ရွှေဘိုမြို့နယ်က ကျန်ရှိနေသေးတဲ့ ဧက ၄ ထောင်ကျော်အတွက်လည်း စက်တင်ဘာလ ၇ ရက်နေ့က ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ကာ ကုမ္ပဏီတာဝန်ရှိသူတွေကို ခေါ်ယူပြီး နစ်နာတဲ့ တောင်သူကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

စက်တင်ဘာလ ဒုတိယပတ်၊ တတိယပတ်အတွင်းမှာ ပြေလည်အောင် ဖြေရှင်းပေးမယ်အကြောင်း ကုမ္ပဏီက ကတိပေးခဲ့တယ်လို့ သိရပါတယ်။

“ရွှေဘိုမြို့နယ်မှာတော့ မျိုးစပါးကိစ္စနဲ့ပတ်သက်ပြီး ၂၁ ရွာရှိတယ်။ အဲဒီထဲက ကိုယ်စားလှယ် ၃ ယောက်ရွေးပြီး ကျနော်တို့ သီးလုံးရွာ ဘုန်းကြီးကျောင်းမှာ ဝန်ကြီးချုပ်နဲ့တွေ့တယ်။ တောင်သူတွေကတော့ ၃၀၀ ကျော်၊ ၄၀၀ လောက်လာတက်ကြတာပေါ့။ အဲဒီထဲက လိပ်ချင်းရွာက ကိုယ်စားလှယ်က ၁ ဧကကို ၁ သိန်းနှင့် မျိုးလျော်တောင်းတယ်။ ကျနော်တို့ သီးလုံးကိုယ်စားလှယ်နှင့် ပြားရွာကိုယ်စားလှယ်တို့က ၁ ဧကကို ၁သိန်းခွဲနှင့် မျိုးဖိုးလျော်တောင်းတယ်။ အဲဒါကုမ္ပဏီကတော့ ဒုတိယပတ်၊ တတိယပတ်အတွင်း ပြေလည်အောင်ဖြေရှင်းပေးမယ်လို့ ပြောတယ်။ တောင်းဆိုတာလည်း ၂ မျိုးဖြစ်နေတော့ အများစုကတော့ ၁ သိန်းခွဲလိုတာက များတာပေါ့။ ဝန်ကြီးချုပ်ကတော့ တောင်သူတွေ အကျိုးစီးပွားအတွက် လုပ်ပေးပါတယ်” လို့ သီးလုံးကျေးရွာက တောင်သူ ဦးကြည်မြင့်က ပြောပါတယ်။

ရွှေဘိုမြို့နယ်မှာ ကျေးရွာ ၂၁ ရွာက ဧက ၄၀၀၀ ကျော်ရှိပါတယ်။ သီးလုံး ၁ရွာထဲတင် တောင်သူ ၁၂၀ ကျော်၊ ဧက ၈၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီပြောဆိုတဲ့ အချိန်ထိ စောင့်ဆိုင်းပေးသွားမှာဖြစ်ပြီး တောင်းဆိုချက်တွေမရရင်တော့ ဥပဒေဘောင်အတွင်းက လုပ်စရာရှိတာ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း တောင်သူတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013