DVB Logo
Home
မြန်မာသတင်း
ငွေကြေးအလွဲသုံးမှုဖြင့် တိုင်ကြားခံရသည့် နမ့်ခုတ်စံပြ အထကကျောင်းအုပ်ကို စစ်ဆေး
DVB
·
September 8, 2018
ငွေကြေးအလွဲသုံးမှုဖြင့် တိုင်ကြားခံရသည့် နမ့်ခုတ်စံပြ အထကကျောင်းအုပ်ကို စစ်ဆေး
Donate to DVB

ပအိုဝ်း ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်ရ​ဒေသ ဟိုပုံးမြို့နယ်​ နမ့်ခုတ်​စံပြ အထက​ကျောင်းအုပ်​ ဆရာမကြီးက ​ငွေ​ကြေးအလွဲသုံးစားမှု ရှိတယ်လို့ဆိုကာ​ ကျောင်းသားမိဘ​တွေက ရှမ်းပြည်​နယ်​ ပညာ​ရေးမှူးဆီ တိုင်ကြားခဲ့တဲ့အတွက် စက်​တင်​ဘာ ၆ ရက်​​နေ့က စတင်စစ်​​ဆေးခဲ့ပါတယ်။

တိုင်​ကြားထားသူတွေနဲ့ တိုင်​ကြားခံရသူ​ကို ပြည်​နယ်​၊ ခရိုင်​၊ မြို့နယ်​ ပညာ​ရေးဌာနအရာရှိ​တွေက နမ့်ခုတ်​အထက ​ကျောင်းမှာ သွား​ရောက်​စစ်​​ဆေးနေတယ်လို့ ရှမ်းပြည်နယ်ပညာရေးဌာနဦးစီးမှူးက ပြောပါတယ်။

ရှမ်းပြည်​နယ်​ ပညာ​ရေးဌာနဦးစီးမှူး ဦးဝင်းမောင်​က “နမ့်ခုတ်​အထက ​ကျောင်းအုပ်​ဆရာမကြီးကို တိုင်​ထားတဲ့အ​ကြောင်းကို ​ရှေ့ဦး စုံစမ်းစစ်​​ဆေး​ရေးအဖွဲ့ပြီး သွားစစ်​​ဆေး​နေတယ်​။ စစ်​​ဆေးတဲ့အချက်​အလက်​ကိုကြည့်ပြီး ​ပေါ်​ပေါက်​လာတဲ့အပြစ်​​တွေကို ကြည့်ပြီး လိုအပ်​ရင် ရုံချုပ်​ကိုတင်​ပြသွားမယ်​” လို့ ပြောပါတယ်။

ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ခုတ်စံပြ အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်ဆွေဟာ ကျောင်းပိုင်မီးစက်ကို ရောင်းချခဲ့တာအပါအ၀င် အချက် ၅ ချက်ကို ကျောင်းကော်မတီဝင်တွေနဲ့ ကျောင်းသားမိဘတွေက တိုင်ကြားထားတာပါ။

ကျောင်းပိုင်​မီးစက်​​ရောင်းတာ၊ ​ကျောင်းပိုင်​ ဘတ္ထရီနဲ့ဆိုလာပြားတွေ​ရောင်းတာ၊ ၂၀၁၇-၁၈ ပညာသင်​နှစ်​ ပညာ​ရေးမိသားစုမှ ​ထောက်​ပံ့တဲ့ ဆင်းရဲနွမ်းပါး​ငွေ ​ကျောင်းသားတ​ဦး ၂ သိန်းကို ၂ ​သောင်းစီ ဖြတ်​​တောက်​တာ၊ ​ကျောင်း ဆရာ၊ ဆရာမ ကျန်းမာ​ရေးကိုအ​ကြောင်းပြီး ​ကျောင်းသား/သူထံ​ ငွေ​ကြေး​ကောက်​ခံတာ၊ နိုင်​ငံ​တော်​ အ​သေးစား​ထောက်​ပံ့​ငွေကို သုံးတဲ့အခါ ပွင့်လင်းမြင်​သာမှုမရှိတာ စတဲ့အချက်တွေ တိုင်ထားတယ်လို့ ကျောင်းကော်မတီဝင် ကိုစိုင်းနော်အောင်က ပြောပါတယ်။

ဒါ့အပြင် ကျောင်းအုပ်ဟာ ကျောင်း​ကော်​မတီအဖွဲ့ဝင်​တွေနဲ့ ပူး​ပေါင်းလုပ်​​ဆောင်​ခြင်း​တွေ မရှိသလို ​ကျောင်းသား​တွေကိုလည်း အ​ကြောက်​တရားနဲ့ အုပ်​ချုပ်​​နေတယ်​လို့ တိုင်​ကြားသူ​တွေက​ စွပ်စွဲထားပါတယ်။

“အ​ကြောက်​တရားကင်းပြီး ​ကျောင်း​နေ​ပျော်​ပြီး စာ​တော်​တဲ့ က​လေးဖြစ်​​စေချင်​တာပါ/ ကျမတို့ရွာမှာ အစဉ်​အလာတခုရှိတယ်​၊ ဘယ်​အစည်းအ​ဝေးမဆို ဘယ်​​ကျောင်းသားမိဘမှ စကားထ​ပြော​လေ့မရှိဘူး။ အဲ့ဒီ ​ကျောင်းသားမိဘက စကားထ​ပြောလိုက်​တာနဲ့တပြိုင်​နက်​ ​နောက်​​နေ့ အဲ​ကျောင်းသား အခန်းထဲမတ်​တပ်​ရပ်​ရပြီ၊ အဲအစဉ်​အလာကိုလည်း လက်​မခံနိုင်​ဘူး။ ကျမတို့က​လေးကို အ​ကြောက်​တရားနဲ့ မကြီးပြင်း​စေဘူး” ကျောင်းသားမိဘတဦးဖြစ်တဲ့ နန်းခင်မာလတ်က ပြောပါတယ်။

စစ်​​ဆေးမှုပြုလုပ်​နေတာကို မီဒီယာတွေက သတင်းရယူဖို့ ကြိုးစားရာမှာ ခွင့်ပြုချက်မရှိဘဲ ကျောင်းဝင်းထဲ မဝင်ရောက်ဖို့  ကျောင်းအုပ်​ဆရာမကြီးက တားမြစ်ခဲ့ပါတယ်​။

တိုင်​စာကို ​ကျောင်းသားမိဘ​တွေနဲ့ ​ကျောင်း​ကော်​မတီ အဖွဲ့ဝင်​ ​၁၃ ဦးက ပြီးခဲ့တဲ့ သြဂုတ်​ ၃ဝ ရက်​​နေ့က တိုင်​ကြားထားတာဖြစ်ပြီး အမှုမှန်​​ပေါ်​ပေါက်​​ရေနဲ့ ကျောင်း​အုပ်​ဆရာမကြီးကို ​ပြောင်းလဲ​ပေးဖို့​ မျော်​လင့်နေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

နမ့်ခုတ်​ အထက ​ကျောင်းဟာ ​ကျောင်းသား ၇ဝဝ ​ကျော်​ရှိပြီး ဆရာ၊ဆရာမ ၂ဝ ​ကျော်ရှိပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013