အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီ စိုက်ပျိုးသူတွေဟာ အထွက်နှုန်းကျဆင်းတာ၊ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ မြင့်တက်လာတာနဲ့ အယ်လ်နီညိုကြောင့်ဖြစ်တဲ့ မြေဆွေးမြေ မီးလောင်ကျွမ်းမှု အန္တရာယ် မြင့်တက်လာတာတို့ကို ရင်ဆိုင်နေရလို့ ဖိအားတွေ တိုးပွားလာနေပါတယ်။
အပြင်းထန်ဆုံးဖြစ်နိုင်ခြေရှိတဲ့ စူပါ အယ်လ်နီညိုဟာ ပစိဖိတ်သမုဒ္ဒရာတလျှောက် ပိုပြင်းထန်လာပြီး ၂၀၂၆ ခုနှစ် အလယ်ပိုင်းကနေ နောက်နှစ်အစောပိုင်းအထိ ကြာမယ်လို့ ခန့်မှန်းထားပါတယ်။
အင်ဒိုနီးရှားရဲ့ အရေးအကြီးဆုံး လုပ်ငန်းတွေထဲက တခုဖြစ်တဲ့ စားအုန်းဆီလုပ်ငန်းဟာ အခုတော့ အဆိုးဆုံးအတွက် ပြင်ဆင်နေရပါတယ်။
နိုင်ငံရဲ့ အကြီးဆုံး စားအုန်းဆီထုတ်လုပ်ရာ ပြည်နယ်ဖြစ်တဲ့ ရီယောင်ပြည်နယ်မှာ စားအုန်းဆီစိုက်ခင်း ဟက်တာ ၁ ဒသမ ၇ သန်းလောက် ရှိနေပါတယ်။
ရီယောင်ပြည်နယ်မှာ အောက်တိုဘာလအထိ ပျမ်းမျှအောက်ကနေ အသင့်အတင့်သာ မိုးရွာသွန်းမှုကို ခံစားရမယ်လို့ အင်ဒိုနီးရှား မိုးလေဝသ အေဂျင်စီက ခန့်မှန်းထားပါတယ်။
ဆီအုန်းစိုက်တဲ့ တောင်သူတယောက်က “ဆီအုန်းပင်တပင်ဟာ တနေ့ကို ရေ ၈ လီတာကနေ ၁၈ လီတာအထိ လိုအပ်ပါတယ်၊ မဟုတ်ရင် ထုတ်လုပ်မှု ကျဆင်းသွားပါတယ်" လို့ ပြောပါတယ်။
ပြည်နယ်တဝန်းက ခရိုင်အတော်များများမှာ မြေဆီလွှာအစိုဓာတ်အဆင့် အလွန်နိမ့်ကျနေတာပါ။
အင်ဒိုနီးရှားဟာ ကမ္ဘာ့စားအုန်းဆီ ၅၇ ရာခိုင်နှုန်းလောက်ကို ထုတ်လုပ်ပါတယ်။ အခုနှစ်မှာ အယ်လ်နီညိုနဲ့ ဓာတ်မြေဩဇာကုန်ကျစရိတ် မြင့်တက်လာလို့ အထွက်နှုန်း တန်ချိန် ၂ သန်းအထိ ကျဆင်းသွားမယ်လို့ မျှော်လင့်ထားပါတယ်။
ထုတ်လုပ်မှု ကျဆင်းတာဟာ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကို လွှမ်းမိုးပြီး ဈေးနှုန်းအတက်အကျတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ချက်ပြုတ်ဆီကနေ ဆပ်ပြာနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေအထိ နေ့စဉ် စားအုန်းဆီကို မှီခိုနေရတဲ့ လူသန်းပေါင်းများစွာကို ထိခိုက်စေနိုင်ပါတယ်။
ဒေသခံ လူမှုအသိုက်အဝန်းတွေဟာ ပြန်လည်ထူထောင်ရေးနဲ့ ပတ်ဝန်းကျင်ကာကွယ်ရေး ကြိုးပမ်းမှုတွေမှာ တိုက်ရိုက်ပါဝင်သင့်တယ်လို့ Indonesian Forum for the Environment Riau ရဲ့ ဒါရိုက်တာ အက်ကို ယူနန်ဒါက ပြောပါတယ်။
၂၀၂၆ နှစ်ကုန်အထိ ရေစီမံခန့်ခွဲမှုစနစ်တွေကို အားကောင်းစေပြီး ရာသီဥတုအခြေအနေကို အနီးကပ် စောင့်ကြည့်ခြင်းအားဖြင့် မိုးခေါင်ရေရှားရာသီအတွက် ပြင်ဆင်ဖို့ အင်ဒိုနီးရှား မိုးလေဝသ အေဂျင်စီက စိုက်ခင်းလုပ်ငန်းရှင်တွေကို ဆက်ပြီး တိုက်တွန်းနေပါတယ်။











