DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် ဆရာမတဦး ရိုက်နှက်မှုကြောင့် ကျောင်းသား၂၀ ကျော် ဒဏ်ရာရ
DVB
·
September 7, 2018
မင်းပြားတွင် ဆရာမတဦး ရိုက်နှက်မှုကြောင့် ကျောင်းသား၂၀ ကျော် ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ အ.ထ.က ၁ မူလတန်းမှာ ကျောင်းဆရာမတဦးက ကျောင်းသားတွေကို တုတ်နဲ့ရိုက်နှက်မှုတွေကြောင့် ကျောင်းသား ၂၀ ကျော် ခြေသလုံးတွေမှာ ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ရိုက်နှက်ခံရတဲ့ ကျောင်းသားမိဘတွေက ဒီဗွီဘီကို ပြောပါတယ်။

စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်း ၈ နာရီအချိန်က ကျောင်းအတွင်းမှာ အခန်းအပြင် ဆော့ကစားနေတဲ့ မူလတန်းက ကျောင်းသူ/သားတွေကို တာဝန်ကျ ကျောင်းဆရာမက တယောက်ချင်းစီ ခေါ်ယူရိုက်နှက်ခဲ့တာလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

အမည်မဖော်လိုသူ ကျောင်းသားမိခင်တဦးက “ဆရာမ မရောက်ခင် ကလေးတွေက အပြင်မှာ ဆော့ကစားနေကြတယ်။ အဲ့ဒါ ဆရာမရောက်လာတယ်။ ပြီးတော့ အတန်းထဲခေါ်ပြီး တုတ်နဲ့ရိုက်နှက်တယ်။ အကုန် ၂၄ ယောက်လောက်တော့ရှိမယ်။ တချို့ကလေးတွေမှာဆိုရင် ဒဏ်ရာတွေ ပြင်းထန်တယ်။ အစ်မသမီးမှာဆိုရင် ခြေသလုံးနှစ်ဖက်လုံး ဒဏ်ရာလေးချက်ရတယ်။ နောက် အစ်မတို့အိမ်နားကဆိုရင် ဒဏ်ရာကြောင့် ဆေးခန်းတောင် ပြနေရတယ်။ တခြားကလေးတွေမှာဆိုရင် လမ်းတောင်မလျှောက်နိုင်ဘူး” လို့ ပြောပါတယ်။

အခုလို ရိုက်နှက်ခံရမှုတွေကြောင့် ကျောင်းသူ/သား ၂၄ ဦးရဲ့ ခြေသလုံးတွေမှာ ညိုမည်းဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ဒါ့အပြင် အခုလို ရိုက်နှက်ခံရတာကြောင့် ကျောင်းသားမိဘတွေက မကျေမနပ်ဖြစ်နေကြပြီး မြို့နယ်ပညာရေးမှူးရုံးကို တိုင်ကြားဖို့ ပြင်ဆင်နေကြတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

အခုလို ကျောင်းသူ/သားတွေ အရိုက်ခံရတာနဲ့ပတ်သက်လို့ ရိုက်တဲ့ဆရာမကို အရေးယူဖို့ အပေါ်ကို အဆင့်ဆင့် တင်ပြသွားမယ်လို့ မင်းပြား ဒုမြို့နယ်ပညာရေးမှူး ဦးမောင်အောင်စိန်က ဒီဗွီဘီကို ပြောပါတယ်။

“ကလေးတွေနဲ့ ဆရာမတို့အကြား နည်းနည်း အနှောင့်အယှက် ဖြစ်သွားတာပါ။ အဲ့ဒီဆရာကို အဲ့ဒီအခန်းထဲမှာ မပြခိုင်းပါနဲ့လို့ ကျနော်တို့က ဆုံးဖြတ်ထားလိုက်ပါပြီ။ မိဘတွေလည်း အကုန်လုံး ကျေနပ်သွားပါတယ်။ ကလေးတွေ ကြောက်မှာစိုးလို့ အဲ့ဒီအခန်းထဲမှာ မသင်ရရင် တော်ပါပြီဆိုပြီး အကုန်လုံး ရှင်းလိုက်ပါတယ်။ ဒဏ်ရာတွေ မပြင်းထန်ပါဘူး။ နည်းနည်းပါးပါးလေးပါ၊ ကျနော်ကြားတာက ကလေးတွေက အခန်းအပြင်ကို ရောက်နေကြတယ်။ အဲ့ဒီအချိန်မှာ ဆရာမက ငါနည်းနည်းဖြစ်တာနဲ့ ငါပေးထားတဲ့ သင်ခန်းစာတွေ မလုပ်ဘဲ အပြင်မှာရှိနေကြတာလဲ၊ အဲ့ဒီလိုပြောခဲ့တယ်လို့ ဆရာမက ပြောတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အရေးယူဖို့ အပေါ်ကို အဆင့်ဆင့် တင်ပြသွားပါမယ်” လို့ ပြောပါတယ်။

အရိုက်ခံရတဲ့ ကျောင်းသားတဦးရဲ့ ဖခင်က ”အခု ကလေးတွေက ကျောင်းမတက်ရဲကြတော့ဘူး။ အရမ်းကို ကြောက်နေကြတယ်။ အခု ရိုက်နှက်တာကလည်း သေးသေးမွှားမွှား ရိုက်တာမဟုတ်ဘူးဗျ၊ တုတ်တချောင်းကျိုးသွားရင် နောက်တချောင်းကိုင်ပြီး ရိုက်တယ်လို့ ကလေးတွေကပြောတယ်။ ၈ နှစ် ၉ နှစ်ကလေးတွေက ၃ တန်းကလေးတွေ ဖြစ်ကြတယ်။ ဒီကလေးတွေကို အဲ့လောက်ထိ ရိုက်တာကျတော့ ကျနော်မျက်ရည်ကျမိတယ်။ အပြစ်ရှိရင်တောင် အဲ့လောက်မရိုက်သင့်ဘူး။ အခုအရိုက်ခံရတဲ့ ကလေးတွေ နေမကောင်းဖြစ်နေကြတယ်။ ကျနော်တို့အနေနဲ့ ဒီဆရာမဆီမှာ ကျောင်းအပ်နှံဖို့ ကြောက်နေကြတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အရိုက်ခံရတဲ့ ကလေးတွေရဲ့ ကျောင်းသားမိဘတွေကို မင်းပြားမြို့ ပညာရေးဌာနက ခေါ်ယူထားပြီး အသေးစိက်ကို မေးမြန်သွားဖို့ ပြင်ဆင်နေတယ်လို့ မင်းပြားမြို့ ပညာရေးဌာနက ပြောပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013