DVB Logo
Home
မြန်မာသတင်း
လူကုန်ကူးခံရသူ အမျိုးသမီးအများစု တရုတ်အမျိုးသားများနှင့် အိမ်ထောင်ပြုကြရဟုဆို
DVB
·
September 7, 2018
လူကုန်ကူးခံရသူ အမျိုးသမီးအများစု တရုတ်အမျိုးသားများနှင့် အိမ်ထောင်ပြုကြရဟုဆို
Donate to DVB

တရုတ်နိုင်ငံဘက် လူကုန်ကူးခံရတဲ့ အမျိုးသမီးအများစုဟာ တရုတ်အမျိုးသားတွေနဲ့ အိမ်ထောင်ပြုကြရတယ်လို့ မိုးညှင်းဒီဂရီကောလိပ် ရူပဗေဒဌာန ပါမောက္ခ ဌာနမှူးက ပြောပါတယ်။

စက်တင်ဘာ ၆ ရက်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ဒီဂရီကောလိပ်ကျောင်း ဘက်စုံသုံးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ဆဋ္ဌမအကြိမ် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲမှာ နှစ်နိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေးမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ၊ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို မေးမြန်းခဲ့တဲ့ မိုးညှင်းဒီဂရီကောလိပ် ရူပဗေဒဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ ထွေးထွးယဉ်က ပြောလိုက်တာပါ။

“လူကုန်ကူးတဲ့အဖွဲ့တွေက အစကတော့ ကုန်ဆိုင်၊ စားသောက်ဆိုင်တွေမှာ ဝင်ငွေ လစာကောင်းကောင်း ရမယ်ဆိုပြီး ခေါ်သွားတယ်။ တယောက်တယောက် လက်လွှဲပြီး နောက်ဆုံး တရုတ်ပြည်ကို ရောက်သွားတယ်။ အိမ်တလုံးမှာ စုထားပြီး ဟိုဘက်က လာကြည့်တယ်။ ကြိုက်တဲ့သူကိုရွေးပြီး ဝယ်သွားတယ်။ မိန်းကလေးအများစုက အလုပ်အကိုင်လုပ်ဖို့လာတာ။ အခုကျတော့ သူများဆီမှာ ယောက်ျားတွေနဲ့ လက်ထပ်လိုက်ရသလို ဖြစ်သွားတယ်။ အဲဒါ သူတို့မပျော်တော့ဘူး။ တချို့က အလိုက်သင့်နေတယ်။ တချို့က ထွက်ပြေးတယ်။ မိရင် နောက်ကို မပြေးနိုင်အောင် ကြိုးနဲ့တုတ်တာမျိုးတွေ ရှိတယ်။”

၂၀၀၂ ကနေ ၂၀၀၆ ခုနှစ်ကာလက မြန်မာပြည်က လူကုန်ကူးခံရတဲ့ အမျိုးသမီး အယောက် ၂၀ ကျော်ကို တရုတ်နိုင်ငံ လဝကအဖွဲ့နဲ့ ပေါင်းပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။

လက်ရှိ လူကုန်ကူးခံရမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး မိုးညှင်းခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို မေးမြန်းခဲ့ပေမယ့် မရခဲ့ပါဘူး။

အခမ်းအနားမှာ မိုးညှင်းခရိုင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေး၊ အမှတ် ၁၂ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က အသိပညာပေး ဟောပြောခဲ့ပါတယ်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနဲ့ ကဗျာပြိုင်ပွဲတွေမှာ ဆုရခဲ့ကြတဲ့ ကျောင်းသား/သူတွေကို တာဝန်ရှိသူတွေက ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။

သတင်း - ခင်သန်းညွန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013