DVB Logo
Home
မြန်မာသတင်း
ပေကုန်းရွာ ချောင်းရေတိုက်စား၍ အိမ်အချို့ ပြောင်းရွှေ့၊ ကိုယ်ထူကိုယ်ထ ရေကာတာလုပ်နေရ
DVB
·
September 7, 2018
ပေကုန်းရွာ ချောင်းရေတိုက်စား၍ အိမ်အချို့ ပြောင်းရွှေ့၊ ကိုယ်ထူကိုယ်ထ ရေကာတာလုပ်နေရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ပေကုန်းကျေးရွာမှာ လေးတန်ချောင်းရေနှစ်စဉ် တိုက်စားတာကြောင့် နေအိမ်တွေ ရွှေ့ပြောင်းခဲ့ရပြီး ကိုယ်ထူကိုယ်ထရေကာတာ ပြုလုပ်နေရတယ်လို့ မံဟဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

မံဟဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်က “ဒီချောင်းက နှစ်တိုင်းရေမကြီးဘူး၊ မိုးများတဲ့နှစ်ဆိုရင်ရေကြီးတယ်။ အနှစ် ၂၀ ကျော်ရင် တခါကြီးတတ်တယ်။ တရွာလုံး လွှမ်းမိုးသွားတယ်။ အခုရေက သာမာန်ရေပဲ၊ ချောင်းကြမ်းပြင်က မြင့်တက်လာတော့ ရွာပေါ်ရေကျော်တယ်။ မနှစ်က ပေ ၄၀ လောက်စားသွားတယ်။ ဒီနှစ်လည်း ပေ ၃၀ လောက်စားသွားတယ်။ ကသာ ရေအရင်းမြစ်တို့က လာကြည့်တယ်၊ နည်းပညာပေးသွားတယ်၊ သဲအိတ်နဲ့ ဇီးခက်နဲ့ ချတဲ့ နည်းပညာပေးသွားတယ်။ သဲအိတ် အလုံးပေါင်း ၉ ထောင်ကျော်လောက် ကုန်သွားပြီ။ လုပ်အားက တနေ့ကို လူပေါင်း ၂၀၀ လောက်ရှိမယ်” လို့ ပြောပါတယ်။

ချောင်းရေတိုက်စားမှုကြောင့် နေအိမ်ဖယ်ရှားခံရတဲ့ ပေကုန်းရွာမှ ဒေါ်ညွန့်ညွန့်က “အခက်အခဲကတော့ရှိတယ်။ ကျမမှာ ယောက်ျားမရှိပါဘူး၊ တနေ့လုပ် တနေ့စားပါပဲ။ ကျောင်းသားတွေလည်းရှိတယ် ၁၀ တန်း တစ်ယောက်၊  ၈ တန်း တစ်ယောက်ရှိပါတယ်။မနှစ်တုန်းကလည်း တအိမ် ရေစားသွားတယ်။ နေအိမ်အားလုံး ၁၀ အိမ်လောက်ရှိပြီ။ ရေကာတာ လုပ်ရင်လုပ် မလုပ်ရင် ကျမအိမ်ပြီးရင်ကျန်တဲ့ အိမ်လည်းပါမှာပဲ”လို့ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်နယ်စပ်မှာရှိတဲ့ ပေကုန်းကျေးရွာမှာ အိမ်ထောင်စု ၆၀၀ လောက်၊ လူဦးရေ ၃ ထောင်လောက် နေထိုင်တဲ့ရွာဖြစ်ပြီး လေးတန်ချောင်းရေ နှစ်စဉ် တိုက်စားမှုမှကာကွယ်ရန် တရက်လျှင် သဲကျင်း ၄၀ လောက်နဲ့ သဲအိတ် ၉၆၀၀ ကျော် အသုံးပြုပြီး ကိုယ်ထူကိုယ်ထ ရေကာတာ ပြုလုပ်နေရတာဖြစ်ပြီး နိုင်ငံတော်အစိုးရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကိုကိုလင်း (အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013