
လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရနဲ့ တပ်မတော်ကို နိုင်ငံတကာက ဖိအားပေးနေပေမယ့် ကနေဒါနိုင်ငံအနေနဲ့ သံတမန်ရေး ပူးပေါင်းဆောင်ရွက်မှု ဆက်ရှိနေမယ်လို့ ကနေဒါဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဟပ်ဖင်တန်ပို့စ်သတင်းမှာ စက်တင်ဘာ ၅ ရက်နေ့က ဖော်ပြပါတယ်။
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာတော့ တပ်မတော်ဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်နဲ့ စွဲချက်တင်ခံထားရပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံသားတွေကို အကာအကွယ်ပေးနိုင်မှု မရှိဘူးဆိုပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနိုင်ငံရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားတဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အခြေအနေတွေကြောင့် ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ်က ရုပ်သိမ်းလိုက်ဖို့ တွန်းအားပေးမှုတွေလည်း ရှိနေခဲ့တာပါ။
ခုလို ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချမှုတွေအပေါ် ကနေဒါနိုင်ငံ ဝန်ကြီးချုပ်ရုံးက ပြောရေးဆိုခွင့်ရှိသူတဦးကတော့ တန်ဖိုးရှိတဲ့ ပြည်သူလူထု အကျိုးအတွက် ကနေဒါနိုင်ငံအနေနဲ့ ထိရောက်တဲ့ သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်ထိန်းသိမ်းရမှာဖြစ်ပြီး အဲဒီလို ဆက်ဆံရေး ထားရှိတာက ရခိုင်ပြည်နယ်က နစ်နာနေတဲ့ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးအတွက် အထောက်အကူပြုမှာဖြစ်သလို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြန်လည်လက်ခံနိုင်ရေးတွေအတွက် တိုက်တွန်းကူညီနိုင်မယ်လို့ ပြောလိုက်ပါတယ်။











