
မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာ အခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ လူနာ ၅၀၀ ကျော် တက်ရောက်ဆေးကုသခဲ့ရာမှာ သေဆုံးသူ ၁၂ ဦးရှိပြီး ပြီးခဲ့တဲ့နှစ်တွေထက် ပိုများတယ်လို့ တိုင်းဆေးရုံအုပ်ကြီးက ပြောပါတယ်။
တိုင်းဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက "သွေးလွန်တုပ်ကွေးရောဂါနဲ့ ၂၀၁၆ ခုနှစ်မှာ ၁၀၀ ကျော်နဲ့ သေဆုံးသူ ၂ ဦးရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာ ၆ဝဝ ကျော်၊ သေဆုံးသူ ၁၂ ယောက်လောက်ရှိပါတယ်။ ၂၀၁၈ ခုနှစ် ဇူလိုင်လထိ ၅၄၇ ယောက်နဲ့ သေဆုံးသူ ၁၂ ယောက်ရှိနေပြီး ယခင်နှစ်တွေထက် ပိုမိုများပြားလာတယ်။ များလာတာကလည်း ဆရာ ဆရာမတွေနဲ့ ဆေးရုံကြီးကို ပိုမိုအားကိုးလာတာကြောင့်လား၊ ပြည်သူ့ကျန်းမာရေးဌာနက ခြင်အန္တရာယ်ကာကွယ်မှု နည်းပါးလို့လားဆိုပြီး နှစ်ပိုင်းရှိတယ်၊ ဆေးရုံကြီးအနေနဲ့ကတော့ ကုသရေးပိုင်းပဲ ဆောင်ရွက်တာဖြစ်တယ်” လို့ ပြောပါတယ်။
အခုနှစ်ဇူလိုင် ၁ လအတွင်း သုံးရာကျော်လောက် တက်ရောက်ကုသပြီး ၄ ဦး သေဆုံး ခဲ့ကာ တောင်တွင်းကြီးနဲ့ မကွေးမြို့နယ်တွေက ရောဂါဖြစ်ပွားနှုန်း အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
“မိဘတွေကို မှာချင်တာက မွေးကင်းစကနေ အသက် ၁၄ နှစ်ထိ အေဒီးခြင် အကိုက်မခံရအောင် ဂရုစိုက်ဖို့ လိုအပ်တယ်။ ခြင်မခိုအောင်းနိုင်အောင် ဘုရားညောင်ရေ၊ သောက်တော်ရေ ပုံမှန်လဲပေးတာတို့၊ တကိုယ်ရည် သန့်ရှင်းရေးနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေး တွေ လုပ်ဆောင်ဖို့ တိုက်တွန်းချင်တယ်။ ကျန်းမာရေး အလေ့ထကောင်းတွေ လုပ်ဆောင်ခြင်း ဖြင့် ခြင်ကြောင့်ဖြစ်တဲ့ တခြားရောဂါတွေပါ ကာကွယ်နိုင်မှာဖြစ်တယ်" လို့ ဆေးရုံအုပ်က ပြောပါတယ်။
သတင်း-မင်းထီး











