DVB Logo
Home
မြန်မာသတင်း
ကြော်ငြာဝင်ငွေ လျော့နည်းသဖြင့် အစိုးရသတင်းစာများ ကျပ် ၁၁၅၇ သန်းကျော် အရှုံးပေါ်
DVB
·
September 6, 2018
ကြော်ငြာဝင်ငွေ လျော့နည်းသဖြင့် အစိုးရသတင်းစာများ ကျပ် ၁၁၅၇ သန်းကျော် အရှုံးပေါ်
Donate to DVB

အစိုးရသတင်းစာတွေမှာ ကြော်ငြာရတာနည်းလာတာ စက္ကူဈေးတွေ တက်လာတာတွေ ကြောင့် သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းမှာ ငွေကျပ်သန်း ၁၁၅၇ သန်းကျော် အရှုံးပေါ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဒေါက်တာဖေမြင့် က ပြောပါတယ်။

စက်တင်ဘာ ၆ ရက်မနက်က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၀န်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

“၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ခန့်မှန်းတွက်ချက် တင်ပြရာမှာတော့ စာရင်းအရ ၀င်ငွေထက်ပိုတဲ့ အသုံးစရိတ်ဖြစ်ပေါ်တာ တွေ့ရှိရပါတယ်။ ဒီလိုဖြစ်ပေါ်ရခြင်း အကြောင်းရင်း တွေကတော့ ကုန်ကြမ်းပစ္စည်းများဝယ်ယူရာမှာ သုံးစွဲရတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက် လာခြင်း၊ သတင်းစာရိုက်နှိပ်တဲ့ စက္ကူအပါအ၀င် ကုန်ကြမ်းဈေးနှုန်းများ တိုးမြင့်လာခြင်း ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာအရ အွန်လိုင်းမီဒီယာ အသုံးပြုမှုများလာပြီး ပုံနှိပ်မီဒီယာမှာ ကြော်ငြာထဲ့သွင်းမှု လျော့နည်းလာတဲ့အတွက် ယခင်နှစ်များကထက် ကြော်ငြာ ၀င်ငွေ လျော့နည်းလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။”

အရှုံးပေါ်နေတာ ကာမိအောင် သတင်းစာဈေးနှုန်းတိုးမြှင့်ရောင်းချမှာမဟုတ်ဘဲ   သတင်းစာတွေ ကျေးလက်ဒေသအထိ ရောက်ရှိအောင် စောင်ရေတိုးထုတ်မယ်၊ အသုံးစရိတ်တွေ စိစစ်မယ်၊ ကြော်ငြာဝင်ငွေတိုးအောင် လုပ်ဆောင်သွားမယ်လို့လည်း ၀န်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။

ကြော်ငြာဝင်ငွေတိုးအောင် လုပ်တဲ့နေရာမှာလည်း ပုဂ္ဂလိကသတင်းစာတွေရဲ့ ကြော်ငြာဈေးကွက်ကို ထည့်သွင်းစဉ်းစားရတယ်။

၂၀၁၆ ခုနှစ်ကစပြီး အစိုးရသတင်းစာတွေက ၈ မျက်နှာ အချပ်ပို ကြော်ငြာတွေကို ဖြုတ်ချခဲ့တယ်လို့လည်း ၀န်ကြီးက လွှတ်တော်ထဲ ပြောသွားပါတယ်။

၂၀၁၈-၂၀၁၉ ခုနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စား လှယ်တွေက ၀ိုင်းဝန်းဆွေးနွေးကြရာမှာ ကျောက်တန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက နိုင်ငံပိုင်သတင်းစာတွေ အရှုံးပေါ်နေရတဲ့အပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။

ပြန်ကြားရေးပြည်ထောင်စုဝန်ကြီးကတော့ အစိုးရပိုင်သတင်းစာတစောင်ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က တစောင်ကို ၁၁၅ ကျပ်လောက် ရှိပေမယ့် ရောင်းတော့ တစောင်ကို ၅၀ ကျပ်နဲ့ အရှုံးခံရောင်းနေတယ်လို့ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

ပုဂ္ဂလိကသတင်းစာဂျာနယ်တွေ ကြော်ငြာမရလို့ အရှုံးပေါ်ပြီး တစောင်ပြီးတစောင် ရပ်နားနေရချိန်မှာ အစိုးရသတင်းစာလည်း ကြော်ငြာကရတဲ့ဝင်ငွေ လျော့နည်းလာလို့ အရှုံးပေါ်တယ်လို့ ထုတ်ပြောလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013