DVB Logo
Home
မြန်မာသတင်း
အဲမန္တလေးလေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှု ယာယီရပ်နား
DVB
·
September 5, 2018
အဲမန္တလေးလေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှု ယာယီရပ်နား
Donate to DVB

မြန်မာနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိက လေကြောင်းလိုင်းဖြစ်တဲ့ အဲမန္တလေး လေကြောင်းလိုင်းဟာ ပျံသန်းပြေးဆွဲတာတွေကို ယာယီရပ်နားလိုက်ပါတယ်။

လုပ်ငန်း ပြန်လည်ဖွဲ့စည်းသွားမှာဖြစ်ပြီး ဈေးကွက်အခြေအနေ ပြန်ကောင်းလာတဲ့ အချိန်မှာ ပြန်လည်ပြေးဆွဲမယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ နောက်ပိုင်းခရီးစဉ်တွေအတွက် ကြိုတင်လက်မှတ် ဝယ်ယူထားသူတွေကို လေယာဉ်လက်မှတ်ခတွေ ပြန်ထုတ်ပေးမယ်လို့ ဆိုပါတယ်။

အဲမန္တလေးလေကြောင်းလိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မေသန္တာဝင်းက “လက်ရှိမှာ မြန်မာနိုင်ငံရဲ့ လေကြောင်းလိုင်းကဏ္ဍမှာ စိန်ခေါ်မှုတွေ ပိုများနေပါတယ်။ အဲမန္တလေးအနေနဲ့ လေကြောင်းလိုင်းတွေနဲ့ လေကြောင်းကဏ္ဍတခုလုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ နိုင်ငံတော်အစိုးရနဲ့ အနီးကပ်ပူးပေါင်းလုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

ဝန်ထမ်းတွေရဲ့ လူမှုဘဝဖူလုံရေးနဲ့ အလုပ်အကိုင်လုံခြုံစိတ်ချရဖို့အတွက် ပထမ ဦးစားပေးအနေနဲ့ အထူးအလေးပေးဆောင်ရွက်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲ မန္တလေး လေကြောင်းလိုင်းဟာ ၁၉၉၄ ခုနှစ်က အစိုးရနဲ့ ပုဂ္ဂလိက ဖက်စပ် တည်ထောင်ခဲ့တာဖြစ်ပြီး သက်တမ်း ၂၄ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်မှာ စီးပွားရေးပိတ်ဆို့ခံရတဲ့ကာလအတွင်း လေကြောင်းလိုင်းတွေ ခက်ခက်ခဲခဲ လည်ပတ်ခဲ့ရပြီး ၂၀၁၁ ခုနှစ်ကစလို့ ပြည်တွင်းမှာ လေကြောင်းလိုင်း လိုင်စင်အသစ်တွေ ခွင့်ပြုခဲ့ရာမှာလည်း ဝယ်လိုအားထက် ရောင်းလိုအားများသွားလို့ ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင်းလည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဲမန္တလေး လေကြောင်းလိုင်းအနေနဲ့ ၂၀၁၄-၁၅ ခုနှစ်အတွင်း Embraer ERJ 145 ဂျက်လေယာဉ် ၂ စီး တင်သွင်းရာမှာ ခွင့်ပြုမိန့်ရရှိဖို့ ကြာမြင့်ခဲ့တာကြောင့် ၁ နှစ်ကျော်ကြာ လေယာဉ် မပျံသန်းနိုင်ခဲ့တဲ့အပြင် ၂၀၁၇ -၁၈ ခုနှစ် အတွင်းမှာလည်း လေယာဉ်တင်သွင်းခွင့်နဲ့ ခရီးသည် ဝန်ဆောင်မှုလုပ်ငန်းအတွက် ခွင့်ပြုမိန့်လျှောက်ရာမှာ ကြန့်ကြာတာ၊ လေယာဉ်ပျံသန်းခွင့်ရဖို့ ဆောင်ရွက်နေရတာကြောင့်လည်း ၉ လကြာ ပျံသန်းပြေးဆွဲတာ မလုပ်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

ပြီးခဲ့သည့် နှစ်များတွေက ပြည်တွင်းလေကြောင်းလိုင်းတွေဖြစ်တဲ့ အဲပုဂံနဲ့ Apex လေကြောင်းလိုင်းတို့ ရပ်နားခဲ့ပြီး ဒီနှစ် ဇူလိုင်လမှာလည်း FMI လေကြောင်းလိုင်း ရပ်နားခဲ့ပါတယ်။

ဓာတ်ပုံ - Air Mandalay

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013