DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးမူဘောင် ပြန်သုံးသပ်မည့် အပစ်ရပ် ၁၀ ဖွဲ့ ညီလာခံ ကျင်းပမည်
DVB
·
September 5, 2018
နိုင်ငံရေးမူဘောင် ပြန်သုံးသပ်မည့် အပစ်ရပ် ၁၀ ဖွဲ့ ညီလာခံ ကျင်းပမည်
Donate to DVB

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်မယ့် အပစ်ရပ်တပ်ဖွဲ့ ၁၀ ခုရဲ့ ထိပ်သီးညီလာခံတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၈ ရက်ကစပြီး ကျင်းပမှာ ဖြစ်ပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသားတပ်ဖွဲ့တို့ရဲ့ ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၁၁ ရက်အထိ လေးရက်ကြာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

အစည်းအဝေးအစီအစဉ်မှာ  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို ပြန်သုံးသပ်ကြမယ်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (Framework for Political Dialogue) ကို ပြန်လည်သုံးသပ်ကြမယ်။

တိုင်းရင်းသားတပ်ဖွဲ့ ၁၀ ခုရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပါဝင်မယ်လို့ တပ်ဖွဲ့တို့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲက “မြန်မာနိုင်ငံ အကြပ်အတည်းရဲ့ တခုတည်းသော ထွက်ပေါက်က နိုင်ငံရေး ဆွေးနွေးပွဲဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဒါ့ကြောင့် တစ်အချက်အနေနဲ့ နိုင်ငံ အတွက် မလွဲမသွေရအောင် အဖြေထုတ်ရမယ့် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးနဲ့ဆိုင်တဲ့ နိုင်ငံရေးသဘောတူညီချက်ကို ဆုံးဖြတ်နိုင်တဲ့ သက်ဆိုင်ရာခေါင်းဆောင်တွေကြား အမြန်တွေ့ဆုံ ဆုံးဖြတ်နိုင်တဲ့ ဆွေးနွေးပွဲတွေ အမြန်ထိုင်နိုင်ဖို့လိုတယ်။ နှစ်အချက်အနေနဲ့ ကျန်တဲ့ မြေပြင်တိုက်ပွဲတွေရပ်ဖို့ နည်းလမ်းရှာရင်း ဒီ process ဖြစ်စဉ်ထဲပါအောင် ကြိုးစားရဦးမယ်။ အရေးကြီးဆုံးဖြစ်တဲ့ သုံးအချက်ကတော့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ့် မူတွေဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူနည်းစုအခွင့်အရေးနဲ့ ဖွဲ့စည်းပုံမှာ အာဏာခွဲဝေမှုပုံစံ လိုဟာမျိုးကို အတူတကွ အဖြေရှာဖို့ လိုတယ်။ အဓိကအကျဆုံးကတော့ အစိုးရ၊ တပ်မတော်၊ အီးအေအို (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ)နဲ့ နိုင်ငံရေးပါတီ စတဲ့ပါဝင် ပတ်သက်တဲ့သူတွေအားလုံး လူထုနဲ့ အနာဂတ်အကျိုးရှေးရှုပြီး အကောင်းဆုံး အသင့်တော်ဆုံး အနာဂတ်တိုင်းပြည်တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက် ရှာစေချင်တယ်”လို့ ပြောပါတယ်။

ထိပ်သီးညီလာခံမတိုင်မီ စက်တင်ဘာ ၆ နဲ့ ၇ ရက်တို့မှာ ချင်းမိုင်မှာပဲ  တိုင်းရင်းသား တပ်ဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

အစိုးရဘက်မှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ပြန်သုံးသပ်နေသလို အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတပ်ဖွဲ့တို့ဘက်ကလည်း ပြန်သုံးသပ်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

အပစ်ရပ် ၁၀ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်ဖွဲ့ (ဒီကေဘီအေ)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေအန်အယ်လ်အေ-ပီစီ)၊ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (ပီအန်အယ်လ်အို)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) နဲ့ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ တောင်ပိုင်း စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
နိုင်ငံရေးမူဘောင် ပြန်သုံးသပ်မည့် အပစ်ရပ် ၁၀ ဖွဲ့ ညီလာခံ ကျင်းပမည်