DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ပူးပေါင်းနိုင်ရေး ဒေါ်စုဆွေးနွေး
DVB
·
August 7, 2012
တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ပူးပေါင်းနိုင်ရေး ဒေါ်စုဆွေးနွေး
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က လွှတ်တော်ထဲ ရောက်နေကြတဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး လက်တွေ့ကျကျ ပူးပေါင်း ဆောင်ရွက်နိုင်မယ့်ကိစ္စရပ်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပါတယ်။

နေပြည်တော် စည်ပင်ရိပ်သာခန်းမမှာ ညနေ ၅ နာရီကနေ ၇ နာရီအထိ ၂ နာရီအကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တက်ရောက်လာတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်။

ဒီဆွေးနွေးပွဲကို အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဦးမင်းသူက “လွှတ်တော်အတွင်းမှာ ပြောမယ့် တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိမယ့်ကိစ္စ၊ တိုင်းရင်းသားတွေအတွက် အကျိုးရှိမယ့်ကိစ္စကို လွှတ်တော်အတွင်းမှာ တင်မယ့်အခါကျရင် အားလုံးပူးပေါင်းပါဝင်ဖို့၊ တကယ်တော့ လွှတ်တော်အတွင်းမှာ ဆွေးနွေးပြီးမှ အဖြေရှာတဲ့ အလေ့အကျင့် နှစ်ပေါင်းများစွာ ကျနော်တို့ မရှိခဲ့ဘူးပေါ့။ အဲဒီတော့ လွှတော်ကိစ္စပဲဖြစ်ဖြစ်၊ တိုင်းရင်းသားကိစ္စပဲ ဖြစ်ဖြစ်၊ ဘယ်အရေးကိစ္စပဲ ဖြစ်ဖြစ် လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ဟာ ၄၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ၆၀ ရာခိုင်နှုန်းက အားလုံးညှိနှိုင်းပြီးမှ ဆွေးနွေးကြတဲ့ဟာက ဒီမိုကရေစီနိုင်ငံက အလေ့အကျင့်တွေပဲ။ ဒီယဉ်ကျေးမှုတွေကို လုပ်ပြီးမှ ဆွေးနွေးသွားမယ်ဆိုရင် ဘယ်အဆိုကို မဆို တိုင်းပြည်နဲ့ ပြည်ထောင်စုအတွက် ဖြစ်တဲ့အဆိုတိုင်းက အောင်မြင်နိုင်တယ်ပေါ့။ အဲဒါကို အကျယ့်တ၀င့် ရင်းရင်းနှီးနှီးပြောကြပါတယ်” လို့ ဆိုပါတယ်။

တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေဘက်ကလည်း သူတို့ရဲ့ ခံစားချက်တွေကိုပါ ပြန်လည်ဆွေးနွေးခဲ့ကြပြီး နောင်ကို အခုလိုမျိုး ၂ ပတ် ၁ ကြိမ် တွေ့ဆုံ ဆွေးနွေးကြဖို့ သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။

နေပြည်တော် စည်ပင်ရိပ်သာမှာ တည်းခိုနေထိုင်နေကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေထဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေကလွဲပြီး ကျန်တိုင်းရင်းသားကိုယ်စားလှယ်တွေ အားလုံး တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နောင်တွေ့ဆုံဆွေးနွေးပွဲတွေကို ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကမဆို လွှတ်တော်ကိုယ်စားလှယ်တိုင်း တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

တိုင်းရင်းသားပါတီတွေဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ချင်းအမျိုးသားတိုးတက်ရေးပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းနဲ့ ၀ တိုင်းရင်းသားပါတီ စတဲ့ တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး တက်ရောက်ခဲ့ကြတာဖြစ်ပြီး အခုတွေ့ဆုံမှုဟာ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှုလည်း ဖြစ်ပါတယ်။

ဒီမတိုင်ခင်က အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တနင်္လာ ညနေတိုင်း လွှတ်တော်ရေးရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013