DVB Logo
Home
မြန်မာသတင်း
သိမ်းယူခံထားရသည့် လယ်မြေများ ပြန်လည်ရရှိရန် လိုလား
DVB
·
August 7, 2012
Donate to DVB

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်ထဲက လယ်သမားတွေဟာ သူတို့စားကျက်မြေကို သိမ်းယူထားတဲ့ ကုမ္ပဏီထံကနေ ပြန်လည်ရရှိရေးကို လိုလားနေကြပါတယ်။

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် ဘူးသနွတ်အုပ်စုက  တောစွန်းကျေးရွာမှာ စားကျက်မြေ ၃၇၅ ဧကနဲ့ သချုင်္ိင်းမြေတွေကို စတီးစတုန်း ကုမ္ပဏီက သိမ်းထားတဲ့အပေါ် ကျေးရွာလူထုတွေက မကျေမနပ် ဖြစ်နေကြတာပါ။

သိမ်းယူတဲ့မြေတွေဟာ ထန်းတပင်အပိုင် အုပ်စု ၄ စုက ရွာပေါင်း ၂၀ က မွေးမြူထားတဲ့ကျွဲနွားတွေ ထိန်းကျောင်းရာ မြေတွေပါ။

၂၀၀၃ ခုနှစ်ကစပြီး သိမ်းယူထားခဲ့တဲ့ စားကျက်မြေကို ငါးကန်တွေအဖြစ် တူးထားပေမယ့် အမှန်တကယ်မွေးမြူတာမဟုတ်ဘဲ နီးစပ်သူတွေကို ငှားရမ်းထားတဲ့ အတွက် လယ်သမားတွေက မကျေနပ်ဖြစ်ကြတာလို့ ရွာက ဦးဇင်းတပါးက ခုလို မိန့်ပါတယ်။

“သူဟာနဲ့သူ ဒီကလက်လုပ်လက်စားသမားတွေ တနပ်စာ ရှာလို့ ရတယ်။ တောထွက်ပစ္စည်း ရောင်းလို့ရတယ်။ သူ့ အတွက်လဲ စားလို့ ရတယ်။ မြက်ရိတ်ပြီး ကျွဲနွားတွေလည်း ကျွေးလို့ရတယ်။ အခုတော့ သူတို့ ဒီလောက်ကြီးကို အနိုင်ကျင့်ထားတော့ ဒီကလူတွေက မသေရုံပဲ ကျန်တော့တယ်။”

ကုမ္ပဏီက စားကျက်မြေကို သိမ်းယူထားတဲ့အတွက် ဒေသခံတွေအနေနဲ့ ကျွဲနွားတရိစ္ဆာန်တွေ မွေးမြူဖို့လည်း အခက်အခဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဒီနေရာကို  ဘိုးစဉ်ဘောင်ဆက်ကတည်းက စားကျက်မြေနဲ့ လှည်းလမ်းအဖြစ် သုံးနေရာက ၂၀၀၃ ခုနှစ်မှာ ကုမ္ပဏီကြီးတွေ ရောက်လာ အခြေစိုက်ပြီး လုပ်ကိုင်နေတာလို့ ပြောပါတယ်။

ဒီနှစ် ၃ လပိုင်း ၁၈ ရက်နေ့မှာ ရွာသားတွေက ရပ်မိရပ်ဖနဲ့ အစည်းအဝေးတခု ခေါ်ယူ တိုင်ပင်ပြီးတော့ အဲဒီမြေတာရိုးပေါ်မှာ လှည်းလမ်းကြောင်းဖောက်ခဲ့ပါတယ်။

အဲသလို ဒေသခံပြည်သူတွေက  လှည်းလမ်း ဖောက်ချခဲ့တဲ့အပေါ် ကုမ္ပဏီက အဲဒီမြေဟာ ၁၀ သိန်းတန်ပါတယ်ဆိုပြီး  တောစွန်းကျေးရွာက လယ်သမား ၁၃ ဦးကို တရားစွဲထားလို့ လက်ရှိအချိန်မှာ ထန်းတပင်မြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။

လယ်သမားတွေက အမှုကို တရားမျှတစေချင်သလို သိမ်းခံရတဲ့ မြေတွေကိစ္စကိုလည်း ပြန်လည်စိစစ်စေလိုတယ်လို့ ပြောပြကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013