
မုံရွာမြို့နယ်၊ ကျောက္ကာရွာရှိ ထန်းဇလုပ် အပန်းဖြေစခန်းမှာ စက်တင်ဘာ ၄ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၂၀ အရွယ် လူငယ်တဦး ဆယ်ဖီဆွဲရင်း ရေညှိနဲ့ချောကာ ကမ်းပါးထဲပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့ပါတယ်။
မျက်မြင်သက်သေဆိုသူတွေရဲ ပြောပြချက်အရ ကမ်းပါးအစွန်းမှာ ဓာတ်ပုံသွားရိုက်ရာကနေ ရေကြီးတုန်းက တင်ကျန်နေခဲ့တဲ့ ရေညှိနဲ့ချောပြီး ပြုတ်ကျသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ရေနစ်ရာကို ခရိုင်မီးသတ်ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်ကာ ခရိုင်၊ မြို့နယ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ၊ ရပ်/ကျေး အရန်မီးသတ်နဲ့ ပြည်သူတွေ ပူးပေါင်းကာ အချိန် ၂ နာရီလောက်အကြာ ရှာဖွေကယ်ဆယ်တာတွေ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။
“ညနေ ၅ နာရီလောက် ရေအောက်ကြမ်းပြင်ကနေ သေဆုံးအလောင်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒီနှစ်အတွင်း ထန်းဇလုပ်အပန်းဖြေစခန်းမှာ ၂ ကြိမ်မြောက်ဖြစ်တာပေါ့။ သေတာတော့ ၃ ယောက်ပေါ့။ ဒီနေရာတွေမှာ ရေမကူးရ ဆိုတဲ့ သတိပေးဆိုင်းဘုတ် ၅ ခုလောက်လည်း ထောင်ထားတယ်။ အဓိကကတော့ ရေဆော့တဲ့သူတွေကို ပြောချင်တယ်။ ဒီမှာ နှစ်စဉ်လိုလိုသေတတ်တာကိုလည်း သိကြတယ်။ သတိပေးဆိုင်းဘုတ်တပ်ပေမယ့် လိုက်နာကျင့်ကြံနိုင်မှ အဆင်ပြေမှာ။ မလိုက်နာရင်တော့ ဒါမျိုးတွေကြုံတွေ့ရဦးမှာပါပဲ” လို့ ခရိုင်မီးသတ် ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က ပြောပါတယ်။
အခုသေဆုံးသူက အသက် ၂၀ အရွယ် စိုးမင်းထက် ဆိုသူဖြစ်ပြီး မြိုင်မြို့နယ်ကနေ မုံရွာမြို့နယ်၊ ကျောက်စစ်ပုံကျေးရွာမှာ ကွန်ကရစ်မီးတိုင်လုပ်ငန်းကို လာရောက်လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းက သေမှုသေခင်းဖွင့်ကာ ဆက်လက်ဆောင်ရွက်နေပြီး အလောင်းကိုတော့ မုံရွာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။











