DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ရေချိုခရုမှကူးစက်သည့် သန်ကောင်ရောဂါဖြစ်ပွားသူ ပိုများလာ
DVB
·
September 5, 2018
ရခိုင်တွင် ရေချိုခရုမှကူးစက်သည့် သန်ကောင်ရောဂါဖြစ်ပွားသူ ပိုများလာ
Donate to DVB

ရေချိုခရုကနေ ကူးစက်တဲ့ သန်ကောင်ရောဂါ ဖြစ်ပွားသူ ရခိုင်မှာ အရင်ကထက် ပိုမိုစစ်ဆေးတွေ့ရှိလာတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမားရေးဌာနက ပြောပါတယ်။

ဒီရောဂါပိုးရှိတဲ့ သူရဲ့ဆီးနဲ့ မစင်က ပိုးဥတွေဟာ ရေချိုထဲကိုရောက်ရင် ရောဂါ သယ်ဆောင်နိုင်တဲ့ ခရုထဲကို ထိုးဖောက်ဝင်ရောက်နေတက်ပြီး လူနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို အရေပြားကနေတဆင့် ကူးစက်တတ်တာဖြစ်ပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့လတွေကစလို့ ဆေးစစ်ဆေးချက်အရ ရေချိုခရုကနေ ကူးစက်တဲ့ သန်ကောင်ရောဂါ ဖြစ်ပွားသူ ပိုမိုစစ်ဆေးတွေ့ရှိလာတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမားရေးဌာနက ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်ပြောပါတယ်။

“ကျနော်တို့ ပြီးခဲ့တဲ့လက ၆၀၀ ကျော်စစ်တဲ့အထဲမှာ ၃၀၀ ကျော်တွေ့ရှိပါတယ်။ သွေးထဲမှာ သန်းကောင်ဝင်ဖူးတယ်ဆိုတဲ့ လက္ခဏာတွေ့တာပေါ့။ အဲ့ဒါတွေကို ဆေးကုပေးခဲ့ ရတာတွေ ရှိပါတယ်။ ပြောရရင်တော့ အရင်နှစ်တွေထက်၊ ပြီးခဲ့တဲ့နှစ် ၂၀၁၆ အောက်တိုဘာ ၁ ရက်နေ့က ဇန်နဝါရီ (၂၀၁၇ ဆိုလို) ၅၉ ယောက် တွေရှိခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ထပ်တွေ့တာက ၂၀၀ ကျော် တွေ့တယ်ဆိုတော့ ဒီနှစ်ထဲမှာ ပိုများလာတယ်လို့ပြောလို့ ရပါတယ်။ များလာတဲ့ အကြောင်းအရင်းကလည်း ကျနော်တို့ စစ်တွေဆေးရုံကြီးမှာ ဒီရောဂါ ရှိ မရှိ စစ်ဆေးနိုင်တဲ့ အကြောင်းလည်း ဖြစ်ပါတယ်”လို့ပြောပါတယ်။

Schistosomiasis လို့ခေါ်တဲ့ ဒီရောဂါပိုးကူးစက်တဲ့ သူတွေဟာ အဆုပ်ရောက်သွားရင် ချောင်းခဏခဏ ဆိုးတာတွေ၊ အသက်ရှူမဝတာတာတွေ၊ ခန္ဓာကိုယ်ထဲ သန်ကောင်ရောက်တဲ့ နေရာတွေမှာ ရောဂါလက္ခာဏာတွေ မျိုးစုံဖြစ်ပွားနိုင်တယ်လို့ ဒေါက်တာကြည်လွင်က ပြောပါတယ်။

“ခရုကနေတဆင့် ကူးစက်တဲ့ရောဂါဟာ သန်ကောင်ရောဂါဖြစ်ပါတယ်။ ခန္ဓာကိုယ် အနှံ့အပြားမှာ နေနိုင်တဲ့ သန်ကောင်ဖြစ်ပါတယ်။ သန်ကောင်ဆိုတဲ့ အမျိုးစားက ကပ်ပါးရောဂါအကောင်ဖြစ်ပါတယ်။ သူ့ကို လက်ခံတဲ့ သတ္တဝါရဲ့ အသွေအသားကို စုပ်ပြီးတော့ ရှင်သန်တဲ့သတ္တဝါဖြစ်ပါတယ်။ ချက်ချင်းကြီး ဒုက္ခပေးတာတော့ မလုပ်နိုင်ပါဘူး။ နည်းနည်းပါးပါး ဆိုရင်တော့ ဘာမှမဖြစ်ပေမယ့် အများကြီးဖြစ်လာရင်တော့ လူကို ဒုက္ခပေးနိုင်တာတွေရှိ ပါတယ်။ သန်ကောင်နေရာအနှံ့အပြားမှာ နေနိုင်ပါတယ်။ အဆုပ်ထဲရောက်သွားရင် ချောင်းဆိုး တယ်။ ရင်ကျပ်တယ်။ အန်ပြင်ထတယ်။ ကျောက်ကပ်တွေထဲ ရောက်သွားရင် ဆီးသွားတဲ့အခါမှာ သွေးတွေပါတယ်။ဒါမျိုတွေဖြစ်တတ်ပါတယ်”လို့ပြောပါတယ်။

အရင်လတွေက ဆေးကုသဖို့ ဆေးဝါးတွေ မလုံတာတွေရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ ဒီရောဂါအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆေးတွေမှာယူထားပြီး စစ်တွေဆေးရုံကြီးနဲ့ ပြည်သူ့ကျန်းမာရေးဌာနမှာ ဆေးအလုံအလောက် ရရှိနေပြီးလို့ ဒေါက်တာကြည်လွင်က ပြောပါတယ်။

ဒ့ါအပြင် ရောဂါဖြစ်ပွားမှု အခြေအနေတွေကို ပိုမိုသိရှိနိုင်ဖို့အတွက် နိုင်ငံတကာက ကျွမ်းကျင်တဲ့ ပညာရှင်တွေ သြဂုတ်လအကုန်ပိုင်းက ရခိုင်ကို ရောက်ရှိလာပြီး ရောဂါဖြစ်ပွားနေမှု အခြေအနေကို ကွင်းဆင်းလေ့လာခဲ့တာ ဖြစ်ပါတယ်။

ဒီရောဂါပျိုးရက်ဟာ ပျမ်းမျှ ၂ ပတ်ကနေ ၃ လအထိ ကြာတတ်ပြီး နာတာရှည်အဆင့်မှာ နှစ်ချီကြာတတ်ပါတယ်။ လက်ရှိအချိန်အထိတော့ ရခိုင်မှာ ဒီရောဂါနဲ့သေဆုံးသူတဦးမှ မရှိသေးဘူးလို့ ဒေါက်တာကြည်လွင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အနှံ့အပြားမှာ ဒီရောဂါဖြစ်ပွားတာဖြစ်ပြီး၊ အထူးသဖြင့် အများဆုံးဖြစ်တာ ကတော့ ပေါက်တောမြို့နယ်၊ စစ်တွေမြို့နယ်တွေနဲ့ မောင်တော-ဘူးသီတောင်ဘက်တွေက အများဆုံး စစ်ဆေးတွေ့ရှိရပြီး အသက် ၁၅ နှစ်အောက်ကလေးတွေမှာ ဒီရောဂါပိုပိုမိုတွေ့ရှိရ တယ်လို့ ဒေါက်တာကြည်လွင်က ပြောပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013