DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းမြန်မာလုပ်သား ထိုင်းထီပထမဆု ၆ သန်းဖိုးပေါက်
DVB
·
September 5, 2018
ရွှေ့ပြောင်းမြန်မာလုပ်သား ထိုင်းထီပထမဆု ၆ သန်းဖိုးပေါက်
Donate to DVB

ခုတပတ်ထွက်သွားတဲ့ ထိုင်းအစိုးရ ထီပေါက်ဂဏန်း ပထမဆု - ၇၃၄၅၁၀ မှာ  ထိုင်းနိုင်ငံ အလယ်ပိုင်း ဆမွတ်ပရကန်ခရိုင် ပါနမ့်မြို့က မြန်မာအလုပ်သမား ဇနီးမောင်နှံလည်း ပထမဆု တစောင်ပေါက်ခဲ့ပြီး ထိုင်းဘတ်ငွေ ၆ သန်း ရရှိသွားပါတယ်။

ထီပေါက်သူမှာ မြန်မာပြည် ပဲခူးတိုင်း၊ ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ ဘုရားလဟာ ကျေးရွာက ကိုသန်းတင့်နဲ့ မစပါယ်ဦးတို့ဖြစ်ကြပြီး ပါနန်းမြို့ ဂက်စ်အိုး ထုတ်လုပ်တဲ့ စက်ရုံက အလုပ်သမားတွေဖြစ်ကာ ထီပေါက်တဲ့ငွေတွေ ဘေးကင်းစွာ ထုတ်ယူနိုင်ဖို့ သူတို့အဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းလာကြောင်း အေအေစီ အလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ (ယာယီဖျက်သိမ်း) မှ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။  

“ကျနော်တို့အဖွဲ့ဟာ အရင်ကလည်း ထီပေါက်တဲ့ မြန်မာအလုပ်သမားတွေကို ငွေကူ ထုတ်ခဲ့ဖူးတာသိတော့ သူတို့ကိုလည်း ကူညီပေးဖို့ ဆက်သွယ်လာပါတယ်။ မနေ့က ကျနော်တို့ ဘဏ်မှာ ချက်လက်မှတ်သွားထုတ်ပြီး ဒီကနေ့ မြန်မာပြည်ကို ဘေးကင်းလုံခြုံစွာ လွှဲပြောင်းဖို့ လိုက်လုပ်ပေးနေပါတယ်။”

ထီပေါက်သူ ကိုသန်းတင့်က သူဟာ နိမိတ်ပြဂဏန်းတွေ ဘာတွေမသိဘဲ ထီရောင်းသမားက စက်ဘီးနဲ့ စက်ရုံရှေ့မှာ လာရောင်းခဲ့ကြောင်း၊ သူလည်း တခြား အလုပ်သမားတွေနည်းတူ တစ်စောင်ဝယ်ထိုးခဲ့ရာ ပထမဆုရလို့ အရမ်းဝမ်းသာကြောင်း ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ထိုင်းမှာ အလုပ်လာလုပ်တာ ၁၂ နှစ်ရှိပါပြီ၊ ရောက်ကတည်းက ထိုင်းထီအမြဲထိုးခဲ့ပါတယ်။ ၁ စောင်မျိုး၊ ၂ စောင်မျိုးပေါ့။ အခုမှ ပေါက်တော့ ၀မ်း လည်း အရမ်းဝမ်းသာပါတယ်။ ကျနော်တို့ မြန်မာပြည်မှာလည်း တောသူတောင်သား လယ်သမား၊ ဒီရောက်တော့လည်း အလုပ်သမား၊ ပိုက်ဆံဆိုလို့ မြန်မာငွေဆယ်သိန်းထက်ပိုပြီး မကိုင်ဖူးပါ ဘူးဗျာ။ အခုလို ထီပေါက်တာ သိပ်ဝမ်းသာတာပေါ့။ အရင်က ဖြစ်ချင်တဲ့ လှူချင်တန်းချင်တယ်၊ ရှင်ပြုချင်တယ် အဲဒီစိတ်ကူးတွေ အခုလုပ်ရတော့မယ်။”

သူတို့ဟာ မြန်မာနိုင်ငံကို အပြီးပြန်တော့မှာဖြစ်ကြောင်း၊ ထီပေါက်တဲ့အတွက် အရင်ဆုံး အလှူအတန်းတွေလုပ်ပြီးရင် သားသမီးပညာရေးအတွက် ချန်ထားကာ ကျန်တဲ့ငွေတွေနဲ့ ရင်းနှီးလုပ်ကိုင်စားသောက်သွားမယ်လို့ ဒီဗွီဘီကို ပြောသွားပါတယ်။

အေအေစီအဖွဲ့အနေနဲ့ အခုလို ထိုင်းထီပေါက်တဲ့ မြန်မာလုပ်သားတွေကို လိုက်လံကူ ညီဆောင်ရွက်ပေးခဲ့ရာမှာ ပထမဆုပေါက်သူတွေ ၄ ဦးရှိသွားပြီဖြစ်ပြီး ထီပေါက်သူတချို့က အေအေစီအဖွဲ့အတွက် ရန်ပုံငွေပြန်ကူညီကာ တချို့ကတော့ ဘဏ်ကို အသွားအပြန်ကားခတွေ ပဲ ပြန်ပေးတာရှိကြောင်း၊ သူတို့အနေနဲ့တော့ ထီပေါက်အလုပ်သမားထံမှ ဘာမှမျှော်လင့် တာမရှိဘဲ သူများနိုင်ငံမှာ ပင်ပန်းခက်ခဲစွာ လာလုပ်နေရတဲ့ အလုပ်သမားတွေ ထီပေါက်တာကြားရင်ကို  ထပ်တူဝမ်းသာနေရကြောင်း ကိုရဲမင်းက ပြောသွားပါတယ်။

ဓာတ်ပုံ - ရဲမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013