DVB Logo
Home
မြန်မာသတင်း
မီဒီယာဖိနှိပ်မှုရပ်တန့်ရေး ဆက်လက်လုပ်ဆောင်နေ
DVB
·
August 6, 2012
မီဒီယာဖိနှိပ်မှုရပ်တန့်ရေး ဆက်လက်လုပ်ဆောင်နေ
1 / 3
Donate to DVB

မီဒီယာဖိနှိပ်မှု ရပ်တန့်ပေးဖို့ လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေသလို ဂျာနယ်တွေမှာလည်း ဒီသတင်းတွေကို ဖော်ပြခွင့်မပြုတဲ့ကြားကပဲ ရေးသားထုတ်ဝေ ဖြန့်ချိနေကြပါတယ်။

မုံရွာမြို့ပေါ်က သတင်းသမား ၁၂ ဦးကလည်း ဒီကနေ့မနက်ပိုင်းက မီဒီယာဖိနှိပ်မှုရပ်တန့်ဖို့ လက်မှတ်ထိုး တောင်းဆိုလိုက်ကြပါတယ်။

မုံရွာမြို့ခံသတင်းသမားတဦးက “မီဒီယာဖိနှိပ်မှုရပ်ဆိုတဲ့ အင်္ကျီတွေ ၀တ်ပြီးတော့ လက်မှတ်စုထိုးကြတယ်။ လူနည်းစုလည်း ဖြစ်နေတော့ ဆိုင်ကယ်နဲ့ပဲ လှည့်လိုက်တယ်။ သတင်းလိုက်တဲ့အချိန်မှာလည်း အင်္ကျီတွေဝတ်ပြီးတော့ လိုက်ဖို့ သဘောတူပြီးတော့ လုပ်လိုက်တယ်။”

ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေကလည်း ရန်ကုန်နဲ့ မန္တလေးမြို့က သတင်းသမားတွေ စုပေါင်းပြီး မီဒီယာဖိနှိပ်မှုတွေ ရပ်တန့်ပေးဖို့ လက်မှတ်ရေးထိုး လှုပ်ရှားမှုတွေ စုပေါင်းပြုလုပ်ခဲ့ကြပါတယ်။

တခါ ဒီရက်ပိုင်းထွက်ရှိခဲ့တဲ့ ဂျာနယ်တချို့မှာလည်း မီဒီယာ ဖိနှိပ်မှုရပ်တန့်ရေး တောင်းဆိုလှုပ်ရှားတဲ့ သတင်းဓာတ်ပုံနဲ့ သတင်းတွေကို စာပေစိစစ်ရေး ခွင့်ပြုချက်မရတဲ့ ကြားကပဲ ထည့်သွင်းထုတ်ဝေ ဖြန့်ချိခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ထုတ် မက်စင်ဂျာသတင်းဂျာနယ် မျက်နှာဖုံးမှာ လွတ်လပ်စွာ ရေးသားပြောဆို ထုတ်ဝေခွင့်ရှိတဲ့အကြောင်း အခြေခံဥပဒေပါစာပိုဒ်ကို အနက်ရောင် အောက်ခံ အဖြူစာလုံးနဲ့ ဖော်ပြထုတ်ဝေခဲ့ပါတယ်။

တနင်္လာနေ့ထုတ် မြန်မာနေရှင်းဂျာနယ် မျက်နှာဖုံးမှာ ရန်ကုန်စာနယ်ဇင် သမားတွေရဲ့ မီဒီယာဖိနှိပ်မှုရပ်တန့်ရေး တောင်းဆိုကြတဲ့ သတင်းနဲ့ ဓာတ်ပုံ ဖော်ပြခွင့်ကိုတော့ စိစစ်ရေးက ခွင့်မပြုလို့ ဖော်ပြခွင့် မရခဲ့ပါဘူး။

မီဒီယာလွတ်လပ်ခွင့်အတွက် လက်မှတ်ထိုးတောင်းဆိုနေကြတဲ့ ဓာတ်ပုံနဲ့ သတင်းကို စာပေစိစစ်ရေးက ခွင့်မပြုခဲ့တဲ့အပေါ် ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုသက်ဇင်က မှတ်ချက်ပေး ပြောဆိုပါတယ်။

“ကလေးတွေ လုပ်သွားတာကလည်း ပြောရမယ်ဆိုရင် ဆန္ဒပြတာလည်း မဟုတ်ဘူး။ ဆန္ဒထုတ်ဖော်တာလည်း မဟုတ်ဘူး။ လူစုလူဝေးလုပ်တာလည်း မဟုတ်ဘူး။ လက်မှတ်တောင်းခံတဲ့ မြင်ကွင်းတွေပဲ။ ဆူပူအောင် လုပ်နေတာလည်း မဟုတ်ပါဘူး။ ဒီသတင်းတွေကို ဖော်ပြခွင့်ပေးသင့်တယ်လို့ ထင်တယ်။ ဒါဟာ မီဒီယာ လွတ်လပ်ခွင့်အတွက် တောင်းဆိုနေတာ၊ ပြောပြနေတာ။ ဒီလှုပ်ရှားမှုကိုတောင် ခွင့်မပြုဘူးဆိုရင် ဒါပြဿနာရှိတယ်။ တချို့ဂျာနယ်တွေမှာ ဖော်ပြတယ်။ တချို့မှာ မဖော်ပြဘူးဆိုတာက ဂျာနယ်တိုက်တွေမှာ သတင်းစာသမားတွေပဲ ဂျာနယ်လုပ်နေတာ မဟုတ်ဘူး။ ဂျာနယ်တိုက် ပိုင်ရှင်တွေ ရှိတယ်။ ထုတ်ဝေသူတွေရှိတယ်။ တချို့ကလည်း ဖော်ပြတယ်၊ တချို့လည်း မဖော်ပြဘူးပေါ့။ ဒါက ထုတ်ဝေသူတွေနဲ့ပဲ ပတ်သက်ပါလိမ့်မယ်။”

စာပေစိစစ်ရေးမတင်ဘဲ ထုတ်တဲ့အပေါ် စိစစ်ရေးရဲ့ မူဝါဒ ဘယ်လို ရှိသလဲဆိုတော့ ရန်ကုန် စာနယ်ဇင်းအယ်ဒီတာတဦးက “ပြဿနာကတော့ သူတို့ဘက်က စည်းကမ်းမလိုက်နာဘူးပေါ့။ အဲတော့ ဦးတင့်ဆွေနဲ့ တွေ့တော့ မေးသေးတယ်၊ ခင်များတို့က မတင်ဘဲ ထုတ်တဲ့တိုင်း အရေးယူမှာလားဆိုတော့ ဒီလိုလည်း မဟုတ်ဘူးတဲ့။ မတင်ဘဲထုတ်တာက ဘယ်လိုနေလဲ သူတို့ကြည့်ဦးမှာပါတဲ့။ ဘယ်လိုပြောရမလဲဆိုတော့ အားလုံးက ဥပဒေမရှိဘူးပေါ့ ပြောရမယ်ဆိုရင်။”

လတ်တလောမှာ သည်ဗွိုင့်စ်နဲ့ အင်ဗွိုင်း သတင်းဂျာနယ် ၂ စောင် အပိတ်ခံထားရပြီး၊ စာနယ်ဇင်းသမားတွေကလည်း သတင်းလွတ်လပ်ခွင့်ကော်မတီ ယာယီဖွဲ့ပြီး မီဒီယာဖိနှိပ်မှုရပ်တန့်ဖို့ တောင်းဆိုနေကြပါတယ်။

ကော်မတီကနေ သမ္မတအပါအ၀င် သက်ဆိုင်ရာတွေထံ အချက် ၇ ချက်ပါတောင်းဆိုစာကိုလဲ မီဒီယာသမားတွေ လက်မှတ်ရေးထိုးပေးပို့ဖို့ ပြင်ဆင် ဆောင်ရွက်နေကြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က သမ္မတနဲ့ ပါတီ ၁၄ ခုက ခေါင်းဆောင်တွေ တွေ့ဆုံကြရာမှာ မီဒီယာလွတ်လပ်ခွင့်ကိစ္စကို ဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ဆွေးနွေးတင်ပြခဲ့ပြီး သမ္မတက ပြန်လည်ဆွေးနွေးခဲ့ပုံကို ဦးသိန်းညွန့်က ခုလို ပြောပြပါတယ်။

“အရေးယူတာတွေကို ပြန်ရုပ်သိမ်းပေးဖို့၊ ပိတ်ထားတဲ့ ဂျာနယ် ၂ စောင်ကိုလည်း အမြန်ပြန်ဖွင့်ပေးဖို့ အကျိုးအကြောင်းတော့ပြောတယ်။ အဲတော့ သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေက လွတ်လွပ်ခွင့်ကို ယူပြီးတော့ တချိန်ထဲမှာပဲ တာဝန်ရှိမှု တာဝန်သိမှု ရှိဖို့။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုနဲ့ နိုင်ငံရေးတည်ငြိမ်ရေးကို မထိခိုက်ဘဲနဲ့ မီဒီယာတွေက ဟန်ချက်ညီညီ ဆောင်ရွက်မယ်ဆိုရင် မီဒီယာပြဿနာတွေက ပြေလည်သွားမယ်ဆိုတာကို သမ္မတကြီးက ပြောပြီးပါပြီ။ ကျနော်တို့ မေတ္တာရပ်ခံချက်အပေါ်မှာ သမ္မတကြီး အလေးအနက်ထား စဉ်းစားမယ်ဆိုတာ ယုံကြည်ပါတယ်။”

ပြည်တွင်းမှာ သတင်းဂျာနယ် ၅၀ လောက် အပတ်စဉ် ထုတ်ဝေနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013