DVB Logo
Home
မြန်မာသတင်း
လက်နှစ်ဖက်မပါပေမယ့် စက်ဘီးစီးကျွမ်းကျင်သည့် ကလေးငယ် ဆေးကုရန် အကူအညီလိုနေ
DVB
·
September 3, 2018
လက်နှစ်ဖက်မပါပေမယ့် စက်ဘီးစီးကျွမ်းကျင်သည့် ကလေးငယ် ဆေးကုရန် အကူအညီလိုနေ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်မှ ၆ နှစ်အရွယ် ကလေးငယ်တဦးဟာ  မွေးရာပါ လက်နှစ်ဖက် မပါပေမယ့် စက်ဘီးစီးကျွမ်းကျင်ပြီး လောလောဆယ် အူကျတဲ့ ဝေဒနာ ခံစားနေရလို့ ဆေးကုသဖို့ အကူအညီ လိုအပ်နေပါတယ်။

လဲချားမြို့သူ နန်းမြမွန်းဟာ ပြီးခဲ့တဲ့အပတ်က ကိစ္စတခုနဲ့ ခရီးသွားရင်း ထော်လာဂျီ တစီးပေါ်က လက်နှစ်ဖက်မပါတဲ့ ကလေးတယောက်ကို တွေ့မိလို့ စိတ်ဝင်စားပြီး သူ့ရွာကို အရောက်သွားခဲ့တယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

“ထော်လာဂျီ ကားပေါ်ကနေ သူ့ကိုတွေ့တော့ သူများကို မေးကြည့်တာ၊ ကလေးလေးက လက်နှစ်ဖက် မွေးကတည်းက မပါပေမယ့် စက်ဘီးစီးလည်းတော်တယ်။ တယ်လီဖုန်းလည်း ကောင်းကောင်းကိုင်တတ်တယ်ဆိုလို့ ကျမအလုပ်အားတဲ့တနေ့မှာ သူတို့ရွာကို ရောက်သွားခဲ့ပါတယ်ရှင့်။ သူတို့ရွာက လဲချားကနေ ၁၂ မိုင်ကျော်ဝေးတဲ့ ဟိုင်းဆိုင်အုပ်စုထဲက ရွာလေးတရွာပါ၊ ဝမ်လုတ်ရွာလို့ ခေါ်ပါတယ်။ ကျမရောက်သွားတော့ သူ့မိဘတွေ ခြံသွားနေကြတယ်။ သူတို့အဘွားပဲတွေ့တယ်။ ကလေးက ပထမ စတွေ့ချင်းတော့ စိမ်းနေတယ်။ ရုပ်သနားကမားနဲ့ ချစ်စရာလေး၊ နည်းနည်းကြာမှ ရင်းရင်းနှီးနှီး စကားပြောတယ်။ သွက်လည်းသွက်တယ်၊ ဉာဏ်လည်းကောင်းတယ်။ သူက သူများတွေလို ကျောင်းတက်ချင်တယ်တဲ့၊ ကျနော်က သူများလို လက်မရှိပေမယ့် ခြေတောက်နဲ့ ခဲတံကိုင်ပြီး စာရေးမှာပေါ့လို့ ပြောတယ်။”

အဲဒီကလေးငယ်အမည်မှာ စိုင်းအွမ်ခမ်းလို့ခေါ်ပြီး သူ့မှာ ဆယ်တန်းကျောင်းသူ အမတဦးရှိကြောင်း၊ မိဘတွေက တောင်သူလယ်သမားတွေဖြစ်လို့ ငွေကြေးမချောင်လည်ဘဲ ဆယ်တန်းကျောင်းသူ အကြီးမကို ဦးစားပေး ထောက်ပံ့နေရလို့ စိုင်းအွမ်ခမ်းမှာ ကျောင်းမနေရဘူးလို့ ဆိုပါတယ်။

နောက်ထပ်အခက်အခဲတခုကတော့ စိုင်းအွမ်ခမ်းမှာ အူကျရောဂါ ဖြစ်ဖူးကြောင်း၊ ပြီးခဲ့တဲ့နှစ်က ခိုလမ်ဆေးရုံမှာ သွားရောက်ကုသရာမှာ အဲဒီနောက်ပိုင်း ကျင်ကြီး ထိန်းမရတော့ကြောင်း၊ သူရောက်သွားစဉ် ခနတွင်းမှာ ကလေးက ကျင်ကြီး ၃ ကြိမ်လောက် စွန့်ပြီးနေပြီး အဘွားဖြစ်သူကလည်း မြေးက ကျင်ကြီးမထိန်းနိုင်လို့ ကျောင်းက ဆရာ ဆရာမတွေ၊ ကျောင်းသားချင်းတွေကြား အဆင်မပြေမှာစိုးလို့ ကျောင်းမအပ်ဖြစ်ဘူးလို့ ဆိုပါတယ်။

သူဟာ လက်နှစ်ဖက်မရှိပေမယ့် စက်ဘီးရဲ့လက်ကိုင်ကို သူ့ခေါင်းလေးနဲ့ထိန်းပြီး ခြေထောက်နဲ့ နင်းသွားကာ တယ်လီဖုန်းစခရင်ကိုလည်း ခြေထောက်နဲ့ပွတ်ပြီး ကျွမ်းကျင်စွာ အသုံးပြုတယ်လို့ ဆိုပါတယ်။

သူ့ရောဂါကို နေပြည်တော် အထွေထွေရောကုဆေးရုံက ပျောက်အောင် ကုသပေးနိုင်မယ်လို့ ဆိုပေမယ့် လမ်းစရိတ်နဲ့ ဆေးကုသစရိတ်တွေ မတတ်နိုင်လို့ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စိုင်းအွမ်ခမ်းကို ကူညီထောက်ပံ့လိုသူ စေတနာရှင်တွေအနေနဲ့ နန်းသောင်း ဖုန်းနံပါတ်  ၀၉ ၄၀၄၆ ၄၃၂၈၈ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013