DVB Logo
Home
Lead Story
မြေသိမ်းဥပဒေကြမ်းနဲ့ လျော်ကြေးကိစ္စရပ်များ
DVB
·
September 3, 2018
မြေသိမ်းဥပဒေကြမ်းနဲ့ လျော်ကြေးကိစ္စရပ်များ
Donate to DVB

ဓမ္မနဲ့ပဲ သိမ်းသိမ်း၊ အဓမ္မနဲ့ပဲ သိမ်းသိမ်း ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ဘဝတလျှောက်လုံး ကိုယ် လုပ်ကိုင်စားသောက်ခဲ့တဲ့ ကိုယ့်ယာမြေလေးတော့ ကိုယ် ခင်တွယ်ကြသူချည်းပါပဲ။ ဒီမြေကပဲ စားဝတ်နေရေးသာမက သားသမီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအထိ မလုံလောက်ပေမယ့် အထောက်အပံ့ ဖြစ်ခဲ့ရတာ။ ဒီမြေကို မှီခိုနေကြတာက ကိုယ့်မိသားစုသာမက လက်လုပ်လက်စား လယ်လုပ်သားတွေအတွက်လည်း အကူအပံ့ ဖြစ်ခဲ့တာ။ ဆက်စပ်ရာ မိသားစုတို့ မှီခိုအားထားရာလည်း ဖြစ်ခဲ့တာပေါ့။ ဓမ္မနဲ့မဟုတ်ဘဲ အဓမ္မနဲ့ သိမ်းခံရပြီဆိုရင် အသိမ်းခံ လယ်ရှင်သာမက မှီတွယ်ရာမိသားစုတွေ ဆက်စပ်ရာမိသားစုတွေပါ ခိုကိုးရာမဲ့ လက်လွတ်ဆုံးရှုံးမှုနဲ့ မလွဲမသွေ ကြုံတွေ့ရတော့တာပါပဲ။ ဓမ္မနဲ့သိမ်းမယ်ဆိုရင်တော့ ဥပဒေကြောင်းအရမို့ ခုသာခံသာ ရှိနိုင်ပေမယ့် လုံလောက်တဲ့ အကူအပံ့ဖြစ်ဖို့တော့ လိုပါတယ်။

၁၈၉၄ ခုနှစ် မြန်မာတပြည်လုံး သိမ်းပြီးစမှာပဲ အင်္ဂလိပ်အစိုးရက မြေသိမ်းဥပဒေ (The Land Acquisition Act) ကို စတင်ပြဋ္ဌာန်းခဲ့ပါတယ်။ ငါ စစ်နိုင်သူပဲဆိုတဲ့ စရိုက်ဆိုးနဲ့ မူလ ပိုင်ဆိုင်ခဲ့သူတွေရဲ့ လယ်မြေတွေကို အဓမ္မ မသိမ်းပိုက်ခဲ့ကြဘူး။ စနစ်တကျ မြေသိမ်းဥပဒေကို မျှတစွာထုတ်ပြန်ပြီး နိုင်ငံအတွက် အကျိုးရှိမှ သိမ်းခဲ့ကြတာပါ။ ကြေးတိုင်နဲ့ မြေယာပညာရှင်များကလည်း "၁၈၉၄ ခု မြေသိမ်းအက်ဥပဒေရဲ့ အနှစ်သာရမှာ မြေသိမ်းယူသည့် ကိစ္စသည် နိုင်ငံတော်အကျိုးနှင့် အများပြည်သူ အကျိုးအတွက် ဖြစ်မှသာ သိမ်းယူနိုင်သည် ဆိုသောအချက် ဖြစ်တယ်။ ယင်းအနှစ်သာရအတိုင်း ဆိုပါက ဝန်ကြီးဌာနများက သိမ်းယူခြင်း ဖြစ်စေကာမူ လိုသည်ထက်ပို၍ သိမ်းယူနိုင်မည် မဟုတ်ပေ။ ကုမ္ပဏီများနှင့် ပုဂ္ဂလိကများသည် နိုင်ငံတော်အကျိုး၊ အများပြည်သူအကျိုး မဟုတ်သဖြင့် လုံးဝ သိမ်းယူခွင့်မရှိ” လို့ ဆိုထားပါတယ်။ ၁၈၉၄ မြေသိမ်းအက်ဥပဒေမှာတော့ မြေသိမ်းဆည်းမှုအပေါ် ကန့်ကွက်စာခေါ်ခြင်း၊ လျော်ကြေးမပေးသေးသမျှ မြေသိမ်းအမိန့် မထုတ်ဆင့်ရခြင်း ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ပါတယ်။ ဒါ့အပြင် မြေသိမ်းခံရသူအတွက် လျော်ကြေးငွေဟာ အခြေခံကျတဲ့ အချက်ပါ။ ကိုလိုနီခေတ် မြေသိမ်းဥပဒေမှာတော့ လျော်ကြေးနဲ့ပတ်သက်ပြီး အတိအကျ ဖော်ပြခဲ့တာပါ။

မြန်မာပြည်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်နဲ့ စစ်အစိုးရကာလတွေမှာ ဘာကြောင့် မြေယာသိမ်းယူမှု လုပ်ခဲ့ကြသလဲ။ ဘယ်ဥပဒေပြဋ္ဌာန်းပြီး လုပ်ကိုင်ခဲ့သလဲဆိုတဲ့ အမေးတွေ ရှိခဲ့ပါတယ်။ မြေယာပညာရှင်တွေကတော့ “၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေနဲ့ ၂၀၁၂ မြေယာဥပဒေတို့ကပဲ အထိန်းအကွပ်မဲ့ မြေသိမ်းဆည်းမှုတွေ ဖြစ်ပေါ်စေခဲ့တာလို့ ဆိုပါတယ်။ သူတို့အရင်ကရှိခဲ့တဲ့ ကိုလိုနီခေတ် မြေသိမ်းဥပဒေဟာ အတော်အတန် မျှတမှုရှိတဲ့ ဥပဒေ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေ ရှိပါလျက်နဲ့ မြေယာ မတရားသိမ်းယူမှု အဲဒီဥပဒေရဲ့ အားနည်းချက်ကြောင့် မဟုတ်ဘဲ အုပ်ချုပ်သူရဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်” လို့ ဆိုကြပါတယ်။

ဒါ့အပြင် မြေသိမ်းခံရသူအတွက် လျော်ကြေးငွေဟာ အခြေခံကျတဲ့ အချက်ပါ။ ကိုလိုနီခေတ် မြေသိမ်းဥပဒေမှာတော့ လျော်ကြေးနဲ့ပတ်သက်ပြီး အတိအကျ ဖော်ပြခဲ့တာပါ။ အခု မြေသိမ်းဥပဒေကြမ်းမှာတော့ လျော်ကြေးနဲ့ပတ်သက်ပြီး အမျိုးအစား ၄ မျိုး ခွဲခဲ့ပါတယ်။ လျော်ကြေး၊ နစ်နာကြေး၊ ရွှေ့ပြောင်းချထားစရိတ်၊ ပြန်လည်နေရာချထားခြင်း၊ (လူမှုစီးပွားရေးဘဝ ပြန်လည်ထူထောင်ခြင်း) တို့ပါပဲ။ ဒီလို လျော်ကြေးအမျိုးမျိုး ခွဲပြထားပေမယ့် ဘယ်လိုပေးရမယ်၊ ဘယ်ပုံသတ်မှတ်မယ် ဆိုတာတော့ အတိအကျ ဖော်ပြမထားပါဘူး။ ဒီလို အကြောင်းအချက်တွေ ပြည်သူလူထုထံ ဆွေးနွေးတင်ပြဖို့အတွက် DVB LawLab (ပိုင်းခြားစိတ်ဖြာဥပဒေရေးရာ) အစီအစဉ်မှာ မြေသိမ်းဥပဒေကြမ်း ဘာလဲ ဘယ်လဲ  ဆိုတဲ့ ခေါင်းစဉ်ကို ရွေးချယ်ခဲ့ကြပါတယ်။

ဆွေးနွေးဖို့ ဖိတ်ကြားထားတဲ့ ပညာရှင်တွေကတော့ ဦးဇော်မင်း (မြေယာဥပဒေနှင့် စီမံခန့်ခွဲ၊ လုပ်ထုံးလုပ်နည်း၊ အတိုင်ပင်ခံ) နဲ့ ဦးမောင်မောင်ညွန့် (ဥပဒေသုတေသီ) တို့ပါပဲ။ အစီအစဉ် တင်ဆက်သူ ဦးခင်သန်းရဲ့ အမေးကိုတော့ ဦးဇော်မင်းက “၁၈၉၄ မြေသိမ်းဥပဒေက ဒီနေ့ထိ ခေတ်မီသေးတယ်။ ယူဂန္ဓာမှာ အခုထိ အသုံးပြုနေတယ်။ ဒီဥပဒေက မြေသိမ်းမယ်ဆိုရင် အများပြည်သူကို ကြိုတင်အသိပေးရတယ်။ ကန့်ကွက်ခွင့်ရှိတယ်။ လက်ညှိုထိုး သိမ်းလို့ မရဘူးဗျ။ အရင်ကလည်း လျော်ကြေးကိစ္စမှာ မြေလျော်ကြေးအပြင် ရွှေ့ပြောင်းစရိတ်၊ နစ်နာမှုတို့ ပါသလို အခုလည်း ပါတယ်။ အခုကတော့ ဒါတွေအပြင် အလုပ်အကိုင် အခွင့်အလမ်းနဲ့ လူမှုစီးပွား ပြန်လည်ထူထောင်ရေးဆိုတာ ပါလာတယ်။

ဦးမောင်မောင်ညွန့်ကလည်း လျော်ကြေးကိစ္စရပ်မှာ အမျိုးမျိုးဖြစ်နေတယ်။ အကျိုးစီးပွား သက်ဆိုင်သူ၊ ထိခိုက်နစ်နာတဲ့ မိသားစု (မြေရှင်မဟုတ်တဲ့ လယ်လုပ်သားများလည်း အကျုံးဝင်)၊ သိမ်းဆည်းမြေ အမှီပြုပြီး နစ်နာသူတွေပါ တောင်းပိုင်ခွင့်ရှိတယ်။ လျော်ကြေးတွက်ရာတော့ ညီညွတ်မျှတ မှန်ကန်စွာ တွက်ချက်၍လို့ပဲ ပါတယ်။ ဘယ်လိုတွက်ချက်မလဲ ဆိုတာတော့ မပါဘူး။ အရင်ဥပဒေကတော့ ကာလပေါက်ဈေးကို အခြေခံတွက်ခဲ့တာပါ။ ဆွေးနွေးသူတွေရဲ့ တူညီစွာ ဆွေးနွေးသွားကြတာကတော့ မြေသိမ်းဥပဒေမှာ တဦးတယောက်တည်းကို တာဝန်ပေးတာမျိုးဟာ မသင့်လျော်ဘူး။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာ လူထုကိုယ်စားပြုနိုင်သူတွေကိုပါ ပူးပေါင်းပါဝင်စေပြီး လုပ်ဆောင်သင့်တယ်လို့ ဆွေးနွေးသွားခဲ့ကြပါတယ်။

တကယ်တော့ မြေသိမ်းဆည်းမှုအတွက် လျော်ကြေးကိစ္စရပ်ဟာ လယ်သမားနဲ့သာ သက်ဆိုင်ရုံမက ပြည်သူတရပ်လုံးနဲ့ဆိုင်တဲ့ကိစ္စ ဖြစ်နေပါတယ်။ မြေရှင်အပြင် နစ်နာသူအဖြစ် လယ်လုပ်သားတို့ရဲ့ အခန်းကဏ္ဍကို ပစ်ပယ်လို့မရပါဘူး။ ဒါ့အပြင် ကာလပေါက်ဈေးတခုနဲ့သာ ဆုံးဖြတ်ရုံနှင့် မျှတနိုင်ပါ့မလား။ လျော်ကြေးဟာ သားသမီး ပညာရေးကာလ ပြီးဆုံးသည်အထိ တာဝန်ယူဖို့ ဆိုတာလည်း အစိုးရအနေနဲ့ လုပ်ဆောင်နိုင်ဖို့ ခဲယဉ်းကောင်း ခဲယဉ်းနိုင်ပါလိမ့်မယ်။ လျော်ကြေး ၄ မျိုးစလုံး ပေးဖို့ဆိုတာ မလွယ်ပါဘူး။ ဒေသအခြေအနေနဲ့ ဖြစ်ပျက်တဲ့ အကြောင်းခြင်းရာကို လိုက်ပြီး နှစ်မျိုး၊ သို့မဟုတ် သုံးမျိုး၊ သို့မဟုတ် တမျိုးထက် ပိုပေးနိုင်ပါ့မလား ဆိုတာလည်း စဉ်းစားစရာပါ။ ဘာပဲဖြစ်ဖြစ် မြေသိမ်းဥပဒေကြမ်းမှာတော့ လျော်ကြေးသတ်မှတ်နှုန်း တခုကို တိကျစွာ ဖော်ပြထားရန် လိုအပ်မှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013