DVB Logo
Home
မြန်မာသတင်း
ဘင်းမ်စတက်နိုင်ငံများအကြား  စွမ်းအင်အရောင်းအ၀ယ်လုပ်ရန် သဘောတူ
DVB
·
September 3, 2018
ဘင်းမ်စတက်နိုင်ငံများအကြား  စွမ်းအင်အရောင်းအ၀ယ်လုပ်ရန် သဘောတူ
Donate to DVB

ဘင်္ဂလားပယ်လယ်အော်နိုင်ငံများအဖွဲ့ ဘင်းမ်းစတက် နိုင်ငံများအကြားမှာ လျှပ်စစ် ဓာတ်အားလိုင်းတွေ ချိတ်ဆက်ပြီး စွမ်းအင်အရောင်းအ၀ယ်လုပ်ဖို့ သဘောတူလိုက်ကြပါတယ်။

သြဂုတ် ၃၀ နဲ့ ၃၁ ရက်တို့က နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘင်္ဂလား ပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးမှာ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ဘင်းမ်းစတက်နိုင်ငံများအကြားမှာ လျှပ်စစ်ဓာတ်အားလိုင်းတွေချိတ်ဆက်ပြီး စွမ်းအင် အရောင်းအ၀ယ်လုပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက ၀န်ကြီးတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ သြဂုတ် ၃၁ ရက်က လုပ်ခဲ့တဲ့ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများအကြား စွမ်းအင်အရောင်းအ၀ယ်လုပ်ဖို့ သဘောတူလက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဘင်းမ်စတက် အစည်းအဝေးကာလအတွင်း အဖွဲ့ဝင်နိုင်ငံများက ခေါင်းဆောင်တွေဟာ ပေါင်းစည်းဆက်နွယ်မှု မြှင့်တင်ရေး၊ ဘုရားဖူးခရီးသွားလုပ်ငန်းများ မြှင့်တင်ရေး၊ ရာသီဥတု ပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်များကိစ္စ၊ စတဲ့ကိစ္စရပ်တွေအပေါ် အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ အစည်းအဝေးကာလအတွင်း အိန္ဒိယ၀န်ကြီးချုပ် မစ္စတာ ရှရီနာရန် ဒရာမိုဒီနဲ့ တွေ့ဆုံပြီး မြန်မာ့ငြိမ်းချမ်းရေးမှာ အိန္ဒိယက ကူညီပံ့ပိုးပေးရေး ကိစ္စရပ်အပါအ၀င် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပါတယ်။

ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးပွဲကို ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့က နိုင်ငံခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။

ဘင်းမ်စတက်ဒေသမှာ ကမ္ဘာ့လူဦးရေရဲ့ ၂၂ ရာခိုင်နှုန်းနေထိုင်ပြီး စုစုပေါင်း ဂျီဒီပီ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ထရီလီယံရှိပါတယ်။

ဒေသတွင်း ပျမ်းမျှ စီးပွားရေးတိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်း ရှိတယ်လို့လည်း နိုင်ငံခြားရေး သတင်းက ဆိုပါတယ်။

ဘင်းမ်စတက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်မှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့နဲ့ စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013