DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားသားအလုပ်သမား ဥပဒေ ရေးဆွဲနေ
DVB
·
September 2, 2018
နိုင်ငံခြားသားအလုပ်သမား ဥပဒေ ရေးဆွဲနေ
Donate to DVB

မြန်မာနိုင်ငံမှာ လာလုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားအလုပ်သမားတွေရဲ့ တာဝန်တွေ၊ အခွင့်အရေးတွေနဲ့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ တိတိကျကျရှိစေဖို့အတွက် နိုင်ငံခြားသားအလုပ်သမားဥပဒေကို ရေးဆွဲနေတယ်လို့  အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံခြားသားအလုပ်သမား ဥပဒေမူကြမ်းကို ဝန်ကြီးဌာနအနေနဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းကာ ရေးဆွဲနေတာလို့ စက်တင်ဘာ ၂ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံးမှာ ပြုလုပ်တဲ့ အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာဥပဒေ၊ နည်းဥပဒေနဲ့ အမိန့်ကြော်ငြာစာနဲ ပတ်သက်တဲ့ အသိပညာပေးဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒု-ညွှန်ကြားရေးမှူး ဦးအောင်နိုင်က “ကျနော်တို့ဆီမှာ နိုင်ငံခြားသား အတတ်ပညာရှင်တွရှိတယ်။ ဒီနေ့ဆို ကျနော်တို့ နိုင်ငံက ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တယ်။ သူတို့ လာလုပ်တဲ့အခါမှာလည်း ဒီနိုင်ငံထဲမှာ ရှိတဲ့ ဥပဒေတွေ တည်ဆဲဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေဟာ လိုတာပေါ့နော်။ သူတို့ရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေလည်း စနစ်တကျလေး ရှိစေချင်တယ်။ နောက်တခါ ကျနော်တို့နိုင်ငံက ပြည်ပရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်တဲ့အခါမှာ နည်းပညာတွေပါတယ်။ သူတို့ရဲ့ အတတ်ပညာတွေ ရပိုင်ခွင့်တွေကိုလည်း စနစ်တကျရှိစေဖို့အတွက် လိုအပ်တဲ့အတွက် ဒါလေးတွေကို စဉ်းစားပြီးတော့ ဆောင်ရွက်နေတာပါ” လို့ ပြောပါတယ်။

လက်ရှိမှာ နိုင်ငံခြားသား အလုပ်သမားဥပဒေမရှိသေးတဲ့အတွက် နိုင်ငံခြားသား အလုပ်သမားတွေဟာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ထောက်ခံမှုနဲ့အညီ အလုပ်သမားကို ခေါ်ယူတဲ့ ကုမ္ပဏီနဲ့ အလုပ်သမားကြား နှစ်ဦးနှစ်ဖက် သဘာတူညီမှုနဲ့အညီ လုပ်ကိုင်နေကြတာပါ။

နိုင်ငံခြားသား အလုပ်သမားဥပဒေဟာ ပြည်တွင်းက လုပ်ငန်းရှင်တွေအတွက် အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတခုဖြစ်တဲ့အတွက် ဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းစေလိုတယ်လို့ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်မိုးခိုင် က ပြောပါတယ်။

“နိုင်ငံခြားသား အလုပ်ခန့်ထားမှုဆိုင်ရာ ဥပဒေကို အမြန်ထွက်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဥပဒေမရှိတဲ့အတွက် အခု အလုပ်ခန့်ထားတာတွေက အလုပ်ရှင် အလုပ်သမား နှစ်ဦး သဘောတူ ခန့်ထားတဲ့အခါကျတော့ နိုင်ငံခြားသားတွေရဲ့ ရတဲ့လစာအပေါ် အစိုးရက အခွန်ကောက်ပိုင်ခွင့် မရဘူးဖြစ်နေတယ်။ အဲဒီဥပဒေ ထွက်လာပြီဆိုရင် တရားဝင် အလုပ်ခန့် ထားမှုကိုလည်း မှတ်ပုံတင်နိုင်မယ်။ နိုင်ငံခြားသားတွေရဲ့ ရတဲ့လစာအပေါ်မှာ အခွန်ကောက်ခံမှုကလည်း အများကြီး အကျိုးရှိပါတယ်။ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေ အတွက်လည်း ကာကွယ်ပေးမှု အတိုင်းအတာတခုတော့ ရမှာဖြစ်ပါတယ်။” လို့ ပြောပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ရေးဆွဲနေတဲ့ နိုင်ငံခြားသား အလုပ်သမားဥပဒေဟာ လတ်တလောမှာတော့ ဌာနအတွင်းမှာ မူကြမ်းရေးဆွဲ နေတဲ့ အနေအထားမှာပဲ ရှိနေသေးပါတယ်။

မြန်မာနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအလုပ်သမားအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013