
ဒီနေ့ရတဲ့ စာရင်းတွေအရ တနိုင်ငံလုံးမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၀၀ ကျော် ဖွင့်ထားရပြီး လူပေါင်း ၆၀၀၀၀ ကျော် ခိုလှုံနေရတုန်း ဖြစ်တယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနက ထုတ်ပြန်ပါတယ်။
လက်ရှိမှာ စခန်းပေါင်း ၁၃၆ ခု ဖွင့်ထားပြီး အိမ်ထောင်စု ၁၁၄၀၈ စု၊ လူဦးရေ ၆၂၄၃၅ ယောက် ပြောင်းရွှေ့နေရတုန်း ဖြစ်ပါတယ်။
အများဆုံးကတော့ ပဲခူးတိုင်းမှာ ဖြစ်ပြီး စခန်း ၉၉ ခု ဖွင့်ထားရသလို လူပေါင်း ၄၉၁၀၈ ယောက် ပြောင်းရွှေ့နေထိုင်နေရတာပါ။
ပြီးတော့ ကရင်ပြည်နယ်မှာ လူဦးရေ ၉၀၀၀ ကျော်၊ မကွေးတိုင်းမှာ ၁၃၀၀ ကျော် ရေဘေးစခန်းတွေမှာ နေထိုင်နေရဆဲဖြစ်ပါတယ်။
စစ်ကိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်တို့မှာလည်း စခန်းတွေ ဖွင့်ထားရပါတယ်။
ဇူလိုင်နဲ့ သြဂုတ်လတွေက ရေကြီးရေလျှံတာတွေကြောင့် တနိုင်ငံလုံးမှာ လူပေါင်း ၂ သိန်းကျော်ဟာ ရေဘေးကယ်ဆယ်ရေးစခန်း ၅၀၀ လောက်မှာ ရွှေ့ပြောင်းနေထိုင်ခဲ့ရတာပါ။
ရေဘေးကြောင့် လူပေါင်း ၃၀ သေဆုံးခဲ့ပြီး အိမ်ပေါင်း ၃၀၀ လောက်ပျက်စီးခဲ့တယ်လို့ လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနက ထုတ်ပြန်ဖော်ပြထားပါတယ်။











