
နာဂဒေသ လန်းပန်းကျေးရွာမှာ တရွာလုံးနီးပါး ဖျားနာတာတွေ ဖြစ်ပေါ်နေပြီး သေဆုံးတာတွေ ရှိနေလို့ ကျန်းမာရေးစောင့်ရှောက်မှု အထူးလိုအပ်နေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက စတင်ကာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့၊ ဟဟောင်ကျေးရွာ၊ ဝမ်ရုတ်ကျေးရွာ၊ ရှိတ်ညိုကျေးရွာ၊ လန်းပန်းကျေးရွာ စတဲ့ကျေးရွာတွေမှာ ရာသီတုပ်ကွေးလို့ယူဆရတဲ့ ရောဂါတွေဖြစ်ပွားနေပြီး လူသေဆုံးမှုတွေ ရှိနေပါတယ်။
ရောဂါဖြစ်ပွားနေတဲ့အထဲက လန်းပန်းကျေးရွာက လွဲရင် ကျန်တဲ့ ကျေးရွာတွေကတော့ ပျောက်ကင်းတဲ့အနေအထားကို ရောက်ရှိနေပြီး လန်းပန်းကျေးရွာမှာတော့ အိမ်ခြေ ၆ဝ ကျော်က လူဦးရေ ၄၂ဝ ကျော်မှာ ၃၅ဝ ကျော်က ဖျားတာ၊ ချောင်းဆိုးတာ၊ ကိုယ်ပူတာ စတဲ့ လက္ခဏာတွေဖြစ်ပွားနေပြီး ကုသမှုပေးနေရပါတယ်။
နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က "ကျနော်တို့မြို့နယ်မှာ မိုးရာသီရောက်တိုင်း ဒီလိုဖြစ်တာ အလေ့အထလို ဖြစ်လာနေတယ်။ အခုလည်း ဖြစ်တဲ့ ၄ ရွာမှာ ၃ ရွာကတော့ သက်သာပျောက်ကင်းနေပြီ။ လန်းပန်းရွာကတော့ စောင့်ကြည့်ဖို့ လိုနေသေးတယ်။ ပြီးခဲ့တဲ့ ၁ ပတ်အတွင်းမှာပဲ ၁၅ နှစ်အောက် ကလေးငယ် ၃ ယောက် သေသွားတယ်။ အခုဖြစ်နေတာက အရွယ်မျိုးစုံပဲ။ လသားအရွယ် ကလေးကနေ အသက် ၇ဝ ဝန်းကျင်အထိပါတယ်။ လောလောဆယ်မှာ ကျန်းမာရေးဌာနကကော၊ နေပြည်တော်နှင့် ခန္တီးဗျူဟာက တပ်မတော်ဆေးကုသရေးအဖွဲ့တွေလာပြီး ကုသပေးနေတယ်။ လဟယ်တပ်ရင်းကလည်း လာတယ်လို့ပြောတယ်။ ကုသပေးနေတယ်” လို့ ပြောပါတယ်။
အခုလို ဖြစ်နေတာဟာ အာဟာရ ပြည့်ဝတဲ့ အစားအသောက် လုံလောက်အောင် မစားရတာကြောင့် ဖြစ်တယ်လို့ ယူဆကြောင်းလည်း ပြောပါတယ်။
“ကျနော်တို့ဒေသမှာက ဒီလိုဖြစ်ရတာက အဓိကက တကိုယ်ရေသန့်ရှင်းမှုအားနည်းတာ၊ အာဟာရပြည့်ဝတဲ့ အစားအသောက် လုံလုံလောက်လောက် မစားရတာ၊ ခုခံအားနည်းတာ၊ အဝတ်အစား အနေအထိုင်ချို့တဲ့တာတွေကြောင့် ဖြစ်တယ်လို့ ယူဆရတာပေါ့။ ပြီးတော့ ဒီလိုဖြစ်တယ်ဆိုရင် ကျန်းမာရေးဝန်ထမ်းမလုံလောက်တဲ့အပြင် လမ်းပန်းဆက်သွယ်ရေး ကလည်း မလွယ်ကူတော့ အချိန်မီဆေးကုသမှုမပေးနိုင်ဘူးပေါ့။ သတင်းအချက်အလက် ရရှိမှုကလည်း ဆက်သွယ်ရေးလိုင်းတွေ နေရာအနှံ့မှာ မရှိတော့ အချိန်မှီသတင်းမရဘူးလေ။ ပြောရရင်တော့ အများကြီးပါပဲ။"
ရောဂါဖြစ်ပွားနေတဲ့ လန်းပန်းကျေးရွာက အနီးဆုံး ဒုံဟီးမြို့နဲ့ ၄၇ မိုင်ခန့်ဝေးကွာပြီး ကားလမ်းမရှိဘဲ ခြေလျင်သာ သွားလာရတယ်လို့ ဆိုပါတယ်။
၂ဝ၁၆ ခုနှစ်က ဝက်သက်ရောဂါကြောင့် ကလေးငယ်တွေအပါအဝင် ရာဂဏန်းနီးပါး သေးဆုံးမှုဖြစ်ပေါ်ခဲ့ပြီး မနှစ်ကလည်း ဒီလိုအချိန်မှာ တုပ်ကွေးရောဂါဖြစ်ပွားခဲ့တာတွေရှိပြီး သေဆုံးတာတော့ မရှိခဲ့ပါဘူး။
ကျန်းမာရေးဌာနကလည်း တိုင်းအဆင့်ဆရာဝန်ကြီးတွေပါဝင်တဲ့ အဖွဲ့က သွားရောက်ကုသပေးခဲ့ပြီး ရာသီတုပ်ကွေးရောဂါလို့သာ ယူဆထားပြီး ရောဂါအမည် အတိအကျကတော့ တို့ဖတ်နမူနာတွေကို ဓာတ်ခွဲခန်းပို့ထားဆဲဖြစ်လို့ အတိအကျ မပြောနိုင်သေးဘူးလို့ ပြောဆိုထားပါတယ်။
မိုးရာသီမှာ အခုလို ရောဂါဖြစ်လာတာက အလေ့အထလိုဖြစ်လာတဲ့အတွက် ကျန်းမာရေးဌာနအနေနဲ့ မြို့နဲ့အလှမ်းဝေးတဲ့ကျေးရွာတွေကို အချိန်မှီဆေးကုသမှုပေးနိုင်ရေးအတွက် ဆေးဝါးအသင့်၊ လူအသင့်နဲ့ စီစဉ်ထားဖို့လိုအပ်ပြီး အချိန်မတိုင်ခင် ကြိုတင်ကာကွယ်တာတွေကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်ပေးစေချင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။
အခုလိုဖြစ်ပွားနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တိုင်းလွှတ်တော်မှာ အဆိုသို့မဟုတ် မေးခွန်းမေးမြန်းတာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
နာဂဒေသရှိ အချို့မြို့နယ်တွေမှာ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အဟာရပြည့်ဝရေးအတွက် ပဲနို့တိုက်ကျွေးတာတွေ ရှိပေမယ့် နန်းယွန်းမြို့နယ်မှာတော့ မရှိဘူးလို့လည်း ဆိုပါတယ်။
နိုင်ငံတော်အနေနဲ့ သက်ကြီးပင်စင်၊ ကိုယ်ဝန်ဆောင်နဲ့ ၂ နှစ်အောက်ကလေးငယ်တွေအတွက် ထောက်ပံ့ကြေးတွေပေးနေတာလည်း ရှိပြီး အကျိုးရှိသလား၊ မရှိဘူးလားဆိုတာတော့ စစ်တမ်းကောက်ယူထားတာ မရှိသေးတဲ့အတွက် မသိရသေးဘူးလို့လည်း ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ေ်ဆာင်သွားမယ်လို့ သိရပါတယ်။











