ရန်ကုန်မြို့ မြေအသုံးချမှုပုံစံသိရန် ကောင်းကင်ဓာတ်ပုံမှတ်တမ်း ရိုက်ကူးမည်

ဌာနဆိုင်ရာနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေရဲ့ မြေအသုံးချမှုပုံစံကို သိရဖို့ ရန်ကုန်မြို့ကို ကောင်းကင်ဓာတ်ပုံမှတ်တမ်း ရိုက်ကူးသွားဖို့ရှိပါတယ်။
မြေယာကဏ္ဍကိုထိရောက်တဲ့ ပြုပြင်ပြောင်းလဲတာတွေ ဆောင်ရွက်ဖို့က ပိုင်ဆိုင်မှု ပုံစံအမျိုးမျိုးရှိနေတဲ့ ဒီကဏ္ဍကို ဘယ်လိုအသုံးပြုထားသလဲဆိုတာ အတိကျသိရဖို့ လိုအပ်တဲ့ အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ကောင်းကင်ဓာတ်ပုံ မှတ်တမ်း ရိုက်ကူးသွားဖို့ရှိပါတယ်။
ဒါနဲ့ပတ်သက်လို့ မြေအသုံးချမှုကော်မတီ အဖွဲ့ဝင်ရွေးချယ်နည်း အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး၊ လက်ရှိ မြေအသုံးချမှုပုံစံကို ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဒီထဲမှာ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဘယ်မြေတွေကတော့ ဘာအသုံးချထားလဲ၊ ကျနော်တို့ အသေးစိတ်သိနိုင်ဖို့ လိုပါတယ်။ တခါတလေမှာ မြေကွက်က ပျောက်နေတာလည်းရှိပါတယ်။ ဖွက်ထားတာလည်း ရှိပါတယ်။ ဒါကျနော်တို့က ဒီအခြေအနေတွေအားလုံးကို သိရနိုင်ဖို့အတွက် mapping လုပ်ပါမယ်။ ဒီဥစ္စာကို ကျနော်တို့ ဂျိုက်ကာရဲ့အကူအညီနဲ့ ဆောင်ရွက်နေပါတယ်။”
ပိုမိုကောင်းမွန်တဲ့ မြို့ပြမြေယာစနစ်တခု ဖြစ်လာဖို့အတွက် Mapping ကနေ ဒေသတွင်းမှာရှိတဲ့ ကျောင်းတွေ၊ ဆေးရုံတွေ၊ လူနေအိမ်တွေနဲ့ စက်ရုံတွေရဲ့ ပကတိ အခြေအနေကို ရန်ကုန်မြို့တော်စည်ပင်နဲ့ ပူးပေါင်းပြီး data base တခု တည်ဆောက်သွားမှာပါ။
ဒါ့အပြင် မြေပြင်အနေအထားအလိုက် သစ်တောတွေနဲ့ စိုက်ခင်းမြေတွေကို အမြဲတမ်း သတ်မှတ်သွားဖို့ကိုလည်း ဓာတ်ပုံမှတ်တမ်းရဲ့ အချက်အလက်တွေကို အသုံးပြုသွားမှာပါ။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက “ကျနော်တို့ဆီက မြေပုံနဲ့ ပတ်သက်ပြီးတော့ စာရင်းဇယား အားနည်းတာပေါ့နော်၊ အားနည်းတဲ့အတွက် လိုအပ်တာတွေ ရှိတယ်။ အချို့မြေပုံတွေက အသုံးပြုနိုင်မှာ မဟုတ်ဘူး။ မြေပုံပေါ်မှာ တွေ့ရှိချက်တွေက တကယ့် မြေပြင်နဲ့ ကွာခြားမှုတွေ ရှိနေတယ်။ ပိုပြီးတော့ မှန်ကန် ထိရောက်မယ်”လို့ ပြောပါတယ်။
ဒီလိုရိုက်ကူးရာမှာ လုံခြုံရေးဧရိယာတွေလည်း ပါဝင်နေတဲ့အတွက် နိုင်ငံတော်သမ္မတရုံး ရဲ့ ခွင့်ပြုချက်ရရှိထားပြီး ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ အပြီးသတ်ရိုက်သွားမယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့ဟာ စတုရန်းမိုင် လေးထောင်နီးပါးရှိပြီး လူဦးရေ ၅ ဒသမ ၉ သန်းကျော် နေထိုင်ပါတယ်။
ရူပါအောင်ဝင်း











